‘ငါမသေ ငါ့စခန်းမကျစေရ “မှသည် လက်နက်ချ အလင်းဝင်ရေးဆီသို့

ဆောင်းပါးရှင်- သစ္စာဦး

လွန်ခဲ့တဲ့ ၂နှစ်ကျော် လောက်က လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို အကြမ်းဖက်ခဲ့တဲ့ စစ်တပ်ဟာ လက်ရှိမှာတော့ ပြောင်းပြန်အချိုးကျခဲ့ပြီဖြစ်ပါတယ်။

ဓမ္မ ဘက်တော်သားတွေရဲ့ အစုလိုက်အပြုံလိုက် ထိုးစစ်ဆင်မှုတွေ၊ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ အတူ တိုက်ပွဲတွေဟာ မြို့ပြပေါ် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒါဟာ ပြည်သူတွေအသိချင်ဆုံးဖြစ်တဲ့ “ငါတို့နိုင်မှာလား “ဆိုတဲ့ စာမေးပွဲမေးခွန်းကို တော်လှန်ရေး အင်အားစုတွေ စတင်ဖြေဆိုနေခြင်းပဲဖြစ်ပါတယ်။

သွေးထွက်သံယို တိုက်ပွဲတွေဟာ ၁၀၂၇ ၊၁၀၁၁ အစရှိတဲ့ စစ်ဆင်ရေးလှိုင်လုံးကြီးတွေနဲ့ အတူ လက်ရှိမှာတော့ စစ်အုပ်စုကို ကောင်းကောင်းကြီး အကြီးအကျယ် ဒုက္ခပေးနိုင်စွမ်းကို ပြသလိုက်ပါပြီ။

စစ်တပ် ထောက်ခံ၀ါဒဖြန့်တဲ့ တယ်လီဂရန်ချန်နယ်တွေက စစ်တပ်ရဲ့ဆောင်ပုဒ်တခုဖြစ်တဲ့ ‘ငါမသေ ငါ့စခန်းမကျစေရ’ ဆိုတဲ့ ဆောင်ပုဒ်ကတော့ လက်ရှိအခြေအနေမှာ ပြောင်းလဲ ရတော့မှာဖြစ်ပါတယ်။

အဲ့ဒီ့ဆောင်ပုဒ် အစား တပ်စခန်းစီးနင်းခံရပြီး ခုခံဖို့ရာ မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင် ဆိုတဲ့ လမ်းညွှန်ချက် ကို စစ်ကောင်စီက ထုတ်ပြန်ကြေညာ ထားပါတယ်။

အဲဒီလမ်းညွှန်ချက်ကို ထပ်ဖြည်ကြည့်လိုက်ပါက မနိုင်ရင် ပြေး၊ အလင်းတော့မဝင်ကြနဲ့လို့ ဆိုလိုခြင်းဖြစ်နိုင်ပါတယ်။

စစ်အုပ်စုရဲ့ နောက်ဆုံခြေလှမ်းကတော့ မြို့ပေါ်တွေမှာ ခုခံစစ်ပြင်ပြီး ပြည်သူကို လူသားတံတိုင်းလုပ်ကာ နောက်ဆုံးအခြေအနေအထိ ဆွဲခေါ်သွားဖို့တောင် ပြင်ဆင်ထားခြင်း ပဲဖြစ်ပါတယ်။

ပြောရရင် အုံလိုက်ကျင်းလိုက် အလင်းဝင်တာတွေ များလာမှာကို တွေးကြောက်ကာ ပြိုကျလာမယ့် ရေကာတာကို ရသလောက် လက်နဲ့ လိုက်ပိတ်နေခြင်းပါပဲ။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး ရဲ့ သိသာထင်ရှားတဲ့ အရေးကြီးအချက်က တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင်လာရင် ဒေသအလိုက် ဘယ်လိုခုခံကာကွယ်မလဲ ဆိုတာကို စနစ်တကျ ရေးဆွဲထားတဲ့ စီမံချက် စစ်တပ်မှာ မရှိခြင်းပါပဲ။

အဲဒီလို မရှိခြင်းကြောင့်ပဲ ရှမ်းမြောက်မှာ အငိုက်မိပြီး ထိုးစစ်ဆင်ခံရတာ မကာနိုင်ဘဲ စခန်းတွေ တခုပြီးတခု မြို့တွေ တစ်ခုပြီး တစ်ခု ထိုးအပ်နေရခြင်း ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်တွေက သူတို့စစ်တပ်ကို ဘယ်တော်လှန်ရေးအင်အားစုကမှ ဖြိုခွင်းနိုင်ခြင်းမရှိဘူးလို့ အစဉ်အဆက် ယုံကြည်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေ ယုံကြည်ရလောက်အောင်လည်း နှစ်ပေါင်းရှည်ကြာ အလံထူမပျက်ခဲ့တာလည်း လက်တွေ့ပါပဲ။

စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို လုံးဝ မရှင်းနိုင်ခဲ့ပေမဲ့ သူတို့စစ်တပ်ဟာလည်း မဟာဗျူဟာမြောက် ခြိမ်းခြောက်ခံရခြင်းမျိုး ၁၉၆၂ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တကြိမ်မျှ မကြုံခဲ့ရပါဘူး။

၁၉၈၈ ခုနှစ်နောက်ပိုင်း ကျောင်းသားတပ်မတော် ABSDF ဆိုတာ ပေါ်ပေါက်လာခဲ့ပေမဲ့ စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပါဘူး။

အခု နွေဦးတော်လှန်ရေးရောက်မှသာ ဒေသများစွာမှာ များပြားလှတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ခုခံတော်လှန်စစ်နဲ့ ရင်ဆိုင်နေရတာပါ။

ဒါပေမဲ့ နွေဦးတော်လှန်ရေးရဲ့ ၂ နှစ်ခွဲကျော် ကာလအတွင်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကို တော်လှန်ရေးအင်အားစုတွေက ခုခံမှုအလီလီနဲ့ ပြောက်ကျားတိုက်ခိုက်မှုသာ တုံ့ပြန်နိုင်ခဲ့ပြီး ထိုးစစ်ဆင်နိုင်မှု ပါးရှားခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံစစ်ဟာ စစ်သားတွေကို နေ့စဉ် တဖြုတ်ဖြုတ်သေစေခဲ့ပေမဲ့ ဘဝင်မြင့်နေတဲ့ စစ်ခေါင်းဆောင်တွေက လက်နက်အင်အား သာလွန်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို အကြောက်အလန့်မရှိ ကျူးလွန်ရဲမှုတွေအရ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ဆိုတာကို အိပ်မက်ထဲတောင် ထည့်မက်ခဲ့ဟန် မတူပါဘူး။

အခုတော့ လက်ရှိ ပြသလိုက်တဲ့ စစ်ဆင်ရေး စွမ်းရည်တွေက စစ်ကောင်စီတပ်သားတွေအနေနဲ့ အလံဖြူလေးပြ ခေါင်းပေါ်ကို လက်တင်ပြီး အလင်းဝင်လိုက်ခြင်းက အကောင်းဆုံးအဖြေသာ ဖြစ်ပါကြောင်း ကောက်နှုတ် ရေးသားလိုက်ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *