သယ်ယူပို့ဆောင်ရေးလေယာဥ်တွေပါထုတ်သုံးနေရပီ

သယ်ယူပို့ဆောင်ရေးလေယာဥ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်လာတဲ့ စစ်ကောင်စီ

နိုဝင်ဘာလ ၂၈ ရက်

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်အပါအဝင် နိုင်ငံတဝန်းက တိုက်ပွဲပြင်းထန်တဲ့ ဒေသတချို့မှာ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအတွက်သုံးတဲ့ Y-8၊ Y-12 အမျိုးအစား လေယာဥ်တွေကိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် အသုံးပြုလာတယ်လို့ တအာင်းတပ် (TNLA)အပါအဝင် တော်လှန်ရေးအင်အားစုတချို့နဲ့ မျက်မြင်ဒေသခံတချို့က DNA ကိုပြောပါတယ်။

သူတို့ စသုံးလာတာက နှစ်ပတ်လောက်ရှိပြီ၊ တခေါက်တခေါက်ကြဲရင် (ဗုံးအလုံးရေ)လေးဆယ်၊ ငါးဆယ် အထိကြဲတာ ” လို့ TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က DNA ကို ပြောပါတယ်။

TNLA ရဲ့ စစ်ရေးထုတ်ပြန်ချက်တွေအရတော့ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့နယ်ထဲက မိုင်းကျက်တပ်စခန်း တိုက်ခိုက်ခံနေရချိန် ဒီလ ၂၂ ရက်ကနေ ၂၄ ရက်အထိ သုံးရက်အတွင်းမှာပဲ Y-8 နဲ့ Y-12 လေယာဥ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ၁၂ ကြိမ်အထိ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ TNLA တပ်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ မိုင်းကျက်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီက နိုဝင်ဘာ ၂၂ရက်မှာ Y-12 လေယာဉ်နဲ့ ဗုံး ၄၅ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီလ နိုဝင်ဘာ ၂၅ ရက်ကလည်း နမ့်ခမ်းမြို့အနီးရှိ စခန်းသစ်ကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ နှစ်ကြိမ်တိုက်ခိုက်ရာမှာ ဗုံးအလုံးရေ ခုနစ်ဆယ်လောက် ကြဲချခဲ့တယ်လို့ TNLA က ဆိုထားပါသေးတယ်။

“ ဗုံးတွေက အများကြီး ဗုံးမိုးရွာသလို ပုံစံမျိုးဖြစ်သွားတာပေါ့၊ အဲတော့ မြေပြင်က အဖွဲ့တွေအတွက် Effect (သက်ရောက်မှု) ရှိနိုင်တာပေါ့၊ အားနည်းချက်ကတော့ သူတို့လေယာဥ်ပေါ်မှာလည်း ပြန်ကွဲနိုင်တယ် ” လို့ စစ်ကောင်စီလေတပ်ကနေ CDM ဝင်ခဲ့တဲ့ တပ်ကြပ်ကြီး ဇေယျက သူ့အမြင်ကို ပြောပါတယ်။

အလားတူ နိုဝင်ဘာ ၂၇ ရက်၊ မနေ့ကလည်း မူဆယ်မြို့နယ်၊ လုံခံကျေးရွာနဲ့ နမ့်တောင်းရွာကြားကိုY-12 လေယာဥ်သုံးပြီး ဗုံးအလုံးရေ သုံးဆယ်လောက် ကြဲချသလို နမ့်အွန်နဲ့ ဆိုင်ခေါင်ရွာကြားကိုလည်း ဗုံးရှစ်လုံးလောက် ကြဲချခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင့်တပ်တော် AA နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ဗုံးကြဲတိုက်ခိုက်ရာမှာလည်း စစ်ကောင်စီက Y-12 လေယာဉ် အသုံးပြုနေတယ်လို့ ဒေသတွင်း သတင်းစာမျက်နှာတချို့က ရေးသားကြသလို မျက်မြင်ဒေသခံတချို့ကလည်း အတည်ပြုပါတယ်။

“ တိုက်လေယာဉ်တွေက တအားမြန်တယ်၊ အခုကောင်တွေက ရဟတ်ယာဉ်ထက်လည်း နှေးတယ်၊ မြို့ပေါ်လောက်ရောက်ရင် ဗုံးသီးလား၊ လက်နက်ကြီးလားမသိဘူး အသီးတွေ ပစ်ချတယ်၊ တခါပစ်ရင်ခြောက်လုံး၊ ခုနစ်လုံး၊ ဆယ်လုံးလောက်ထိ မီးတွေပွင့်ပြီး ကျလာတာ တွေ့ရတယ် ” လို့ ပေါက်တောဒေသခံတဦးက မျက်မြင်အခြေအနေကို ပြောပြပါတယ်။

စစ်ကောင်စီက အခုလို ဗုံးကြဲရာမှာ အသုံးပြုလာတဲ့ Y-8၊ Y-12 လေယာဥ်တွေကို အရင်ကတော့ လူနဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တာ၊ လေထီးခုန်တာ၊ ပင်လယ်ပြင် ကင်းထောက်တာနဲ့ ကယ်ဆယ်ရေးတွေမှာသာ အသုံးပြုပြီး တိုက်ခိုက်ရေးအတွက် အသုံးပြုတာမျိုး မရှိခဲ့ပါဘူး။

“ ဆီစားလည်း သက်သာတော့ အဲဒီကောင်တွေကို သုံးတာဖြစ်မယ်၊ ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေကျတော့လည်း သုံးချင်တိုင်း သုံးလို့မရဘူးထင်တယ်၊ တိုက်လေယာဉ်အစားထိုးပြီးတော့ ပေအမြင့် ပျံနိုင်တယ်၊ (အောက်က) ကျည်မမီနိုင်ဆိုတဲ့ အချက်တွေကြောင့် သုံးတာ ဖြစ်နိုင်တယ် ” လို့ ရခိုင်ဒေသခံ စစ်တပ်အရာရှိ ဟောင်းတဦးက DNA ကိုပြောပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ရေးမှတ်တမ်းတွေမှာလည်း စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ မှတ်တမ်းမတွေ့ရဘဲ အခုလ ၁၁ ရက်က ကရင်နီပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ K-8 တိုက်ခိုက်ရေးလေယာဉ် ပစ်ချခံရပြီးနောက်ပိုင်းမှာမှ အခုလိုမှတ်တမ်းတွေ တွေ့လာရတာပါ။

အဲဒီလေယာဉ်ပျက်ကျမှုဟာ ပစ်ချခံရတာလို့ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က အတည်ပြုပြောဆို ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီကတော့ လေ့ကျင့်ပျံသန်းရင်း စက်ချို့ယွင်း ပျက်ကျတာလို့ ဆိုထားပါတယ်။

လေတပ် CDM တပ်ဖွဲ့ဝင်တချို့နဲ့ မြေပြင်စစ်ရေးသတင်း ရင်းမြစ်တွေကတော့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ တိုက်ခိုက်ရေးလေယာဉ်တွေထက် ပိုများတဲ့ အမြင့်ပေကနေ ပျံသန်းရင်း ဗုံးကြဲတိုက်ခိုက်နိုင်တာကြောင့် ကရင်နီဖြစ်စဉ်အပြီးမှာ လေယာဉ်ပစ်စက်သေနတ် ကျည်လွတ်ရာ အမြင့်က ပျံသန်းနိုင်တဲ့ Y-8/Y-12 တို့လို လေယာဉ်တွေကိုပါ သုံးစွဲလာတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

“ ဂျက်ဖိုက်တာနဲ့က တလုံး၊ နှစ်လုံးလောက်ပဲ ကြဲလို့ရတော့ ထိရောက်မှု မရှိဘူးဆိုတာ သူတို့သိတယ်၊ နောက်ပြီး အရှိန်နဲ့ သွားနေတဲ့အချိန် ကြဲရတာ၊Transport (သယ်ယူပို့ဆောင်ရေး) လေယာဥ်တွေကျတော့ အရှိန်လည်း နှေးတယ်၊ အမြင့်ကြီးကနေလည်း အေးဆေးကြဲလို့ရတဲ့ ပုံစံမျိုးပေါ့၊ ဗုံးအရေအတွက်ကိုလည်း အများကြီး သုံးလို့ရတယ် ” လို့ CDM တပ်ကြပ်ကြီး ဇေယျက DNA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီလို ဗုံးကြဲရာမှာ လေယာဥ်သုံး ပေါင် ၁၂၀ ဗုံး၊ မြေပြင်တပ်ဖွဲ့တွေ အသုံးပြုတဲ့ ၁၂၀ မမ လက်နက်ကြီးကျည်၊ ဟောင်ဝစ်ဇာအမြောက်တွေအတွက် သုံးတဲ့ ၁၂၂ မမ၊ ၁၅၅ မမ လက်နက်ကြီး ကျည်ဆန်တွေ အသုံးပြုတာ ဖြစ်နိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

“ Y8 ဆိုလို့ရှိရင် အနောက်မှာ အပေါက်လေးရှိတယ်၊ ဒီအပေါက်ကနေပြီးတော့ ဗုံးတွေဆင်ပြီးသားကို အောက်ကို တွန်းချတာ ဖြစ်ဖို့များပါတယ်၊ မဟုတ်လို့ရှိရင် ချိတ် (ဂျိတ်)နဲ့ချိတ်ပြီးတော့ ပစ်ချတဲ့ပုံစံမျိုး လုပ်နိုင်ပါတယ် ” လို့ CDM တပ်ကြပ်ကြီး ဇေယျက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ K8၊ Yak 130၊ MiG 29၊ SU 30 စတဲ့ တိုက်လေယာဥ်တွေနဲ့ Mi- 35 စတဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေကိုသာ အများဆုံး အသုံးပြုခဲ့တာပါ။

“ ဗုံးသီးတွေကို လက်နဲ့ ကြဲချတာကတော့ ပစ်မှတ်တွေကို တည့်တည့်ကျမှာ မဟုတ်ဘူး၊ များများချလို့တော့ ရတာပေါ့၊ နောက်တခုက အဲဒီလေယာဉ်တွေက ဟိုတိုက်လေယာဉ်တွေထက် လက်နက်တွေ အများကြီး ဆံ့တယ်လေ ” လို့ ရခိုင်ဒေသခံ စစ်တပ်အရာရှိဟောင်းက သုံးသပ်ပါတယ်။

TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ စစ်ကောင်စီရဲ့ အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် စစ်ရေးသတိရှိရှိနဲ့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

” စစ်တိုက်ကတည်းက လေယာဥ်ရော၊ လက်နက်ကြီးရော အဲ့ရန်တွေကို ကျွန်တော်တို့က သတိထားပြီးတော့မှ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီးသား ဖြစ်ပါတယ် ” လို့ သူက ပြောပါတယ်။

အခု ဗုံးကြဲတိုက်ခိုက်မှုတွေအတွက် ထပ်တိုးအသုံးပြုနေတဲ့ Y-8/Y-12 စတဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီးနောက်မှာပါ စက်ချို့ယွင်းပြီး ပျက်ကျတာ၊ ထိခိုက်ပျက်စီးတာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာပြီး စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေ လိုက်ပါလာတဲ့ Y-8 လေယာဉ်ဟာ ထားဝယ်မြို့ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ဖူးပါတယ်။

အဲဒီလေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၁၂၀ ကျော်လုံး သေဆုံးခဲ့ကြပြီး မြန်မာ့လေကြောင်းပျံသန်းမှု သမိုင်းမှာ အဆိုးရွားဆုံး လေကြောင်းမတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဓာတ်ပုံ – CINCDS/Google

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *