ပျူတွေဘပုကိုကြောက်ပြီးပြေးနေကြပြီ

စစ်တောင်းမြစ်ဘေးရွာတွေကို ပျူစောထီးအင်အားတောင်းပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် ၄၀ ကျော် ထွက်ပြေးနေ

နိုဝင်ဘာလ ၂၈ ရက်

ပဲခူးတိုင်း ဝေါမြို့နယ် စစ်တောင်းမြစ်ဘေးတလျှောက်ကျေးရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၄၀ ကျော်ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၂၇ ရက် မနေ့က မနက်ပိုင်းမှာ သူရဲသမိန်ရဲစခန်းနဲ့ ခမရ ၅၉၈ တပ်တွေတိုက်ခိုက်ခံရပြီးနောက် မြစ်ကျိုး၊ လက်ပန်၊ ဂွေ့ကြီး၊ ဝိုင်းပတ်ကျေးရွာတွေအပါအဝင် စစ်တောင်းမြစ်ကမ်းနားက ရွာတွေကို ပျူစောထီးအင်အား ၃၀စီ ပေးဖို့ တောင်းခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေမှာ ပျူစောထီးအင်အား လာရောက်တောင်းခံပြီးတဲ့နောက် နိုဝင်ဘာ ၂၇ရက် ညနေပိုင်းက စတင်ကာ စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးအများအပြား အခုလို ထွက်ပြေးတိမ်းရှောင်နေတာလို့ ဆိုပါတယ်။

“မနေ့က တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်ဘက်က အင်အားတောင်းတာ။ မပေးချင်တာထက် သူတို့ပါ လိုက်ရမှာစိုးလို့ အုပ်ကြီးနဲ့ရာအိမ်မှူးတွေ ရွာကနေ ပျောက်ကုန်တယ်။ သိရသလောက်က ရွာ ၄ ရွာက အုပ်ကြီးနဲ့ ရာအိမ်မှူးတွေပြေးကြတာ”လို့ ဝေါနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ထွက်ပြေးနေသူတွေထဲမှာ ဝိုင်းပတ်ကျေးရွာအုပ်ချုပ်ရေးမှူး သန်းဝင်း၊ မြစ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး လှမင်း၊ လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းနိုင်၊ ဂွေ့ကြီးကျေးရွာအုပ်ချုပ်ရေးမှူး မောင်ထွေး စတဲ့အုပ်ချုပ်ရေးမှူးတွေပါဝင်ပြီး ကျန်တဲ့ရွာတွေက ရာအိမ်မှူး အများအပြားလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်ဟာ ဆင်ရွာ အထကကျောင်းမှာ အင်အား ၅၀ ကျော်၊ အညာစုဘုန်းကြီးကျောင်းမှာ အင်အား ၁၀၀ ကျော်နဲ့ သူရဲသမိန်ရွာမှာ အင်အား ၅၀ ကျော်ရှိနေပြီး လက်နက်ကြီးတွေလည်း အထိုင်ချကာ ကျေးရွာအဝင်အထွက်တွေကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၇ ရက် မနက် ၅ နာရီကျော်ခန့်မှာ သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်းမှာ ရဲစခန်းမှူးအပါ ၉ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *