မူဆယ်ကပြည်သူတွေအမြန်ပြောင်းရွှေ့ကြပါ

မူဆယ်တွင် စစ်ပွဲ ပြင်းထန်နိုင်လာသဖြင့် တရုတ်နိုင်ငံ၊ ကြယ်ဂေါင်တွင် နေထိုင်သူများကို ရွှေလီသို့ ပြောင်းရွှေ့နေထိုင်ကြရန် တရုတ်အာဏာပိုင်များ လိုက်လံ သတိပေး

ဒီဇင်ဘာလ ၂ ရက်

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်တွင် စစ်ပွဲများ ပြင်းထန်လာနိုင်သဖြင့် တရုတ်နိုင်ငံ၊ ကြယ်ဂေါင်တွင် နေထိုင်သူများကို ရွှေလီဘက်သို့ ပြောင်းရွှေ့ နေထိုင်ကြရန် တရုတ်အာဏာပိုင်များက လိုက်လံသတိပေးနေကြောင်း ကြယ်ဂေါင်တွင် ရောက်ရှိနေသည့် မြန်မာများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်အာဏာပိုင်များက ကြယ်ဂေါင်တွင် နေထိုင်ကြသူများကို စာရင်းကောက်ခံပြီး ရွှေလီဘက်သို့ ယာယီ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကြယ်ဂေါင်နေတဲ့သူတွေကို ရွှေလီပြောင်းနေဖို့ တရုတ်အာဏာပိုင်တွေက လာပြောပြီး စာရင်းလာယူသွားပါတယ်။ ဖြစ်နိုင်ရင်ဒီနေ့ည ရွှေလီဘက်ကိုပြောင်းအိပ်ခိုင်းတယ်။ မနက်ပိုင်း၊ နေ့လည်ပိုင်း၊ အဝင်အထွက်ပေါက်တွေမပိတ်သရွေ့တော့ လာလို့ရပါတယ်။ ညဘက်တော့မဖြစ်မနေ ရွှေလီပြောင်းအိပ်ပါဆိုပြီး လာပြောသွားပါတယ်။ အကယ်၍ မူဆယ်ကစစ်ပွဲပြင်းထန်ခဲ့တဲ့အခါ မပြောင်းရွှေ့ဘဲနေခဲ့မယ်ဆိုရင် အစိုးရက ကားနဲ့လာပြီးခေါ်သွားမယ်။ သူတို့နေခိုင်းတဲ့နေရာမှာပဲနေရမယ်လို့ပြောတယ်” ဟု ကြယ်ဂေါင်ရောက် မြန်မာတစ်ဦးက ဆိုသည်။

ကြယ်ဂေါင်တွင် ရောက်ရှိနေကြသော စစ်ဘေးရှောင် ပြည်သူများကလည်း တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းနေသည့်သတင်းကို အတည်ပြုကြပြီး ရွှေလီဘက်သို့ ထပ်မံ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *