မင်းကင်းမှာ ကျေးရွာ(၁၀)ရွာ ပေါင်းပြီး ပညာရေးစုံညီပွဲတော် ကျင်းပ
ဒီဇင်ဘာ -၂ ရက်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ကြားကာလ ပညာရေးစနစ် အကောင်အထည်ဖော်နေတဲ့ NUG အစိုးရ လက်အောက်ခံ ကျေးရွာ(၁၀)က ကျောင်း(၁၀)ကျောင်း ပူးပေါင်းပြီး နို၀င်ဘာ (၃၀)ရက်က ပညာရေးစုံညီပွဲတော် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဲ့ဒီ ပညာရေးစုံညီပွဲတော်ကို ကျောင်းသားကျောင်းသူ (၈၀၀)ကျော် အပါအဝင် ဆရာ၊ဆရာမတွေ၊ ကျောင်းသား မိဘတွေ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်တွေ စတဲ့ လူဦးရေ ထောင်ချီ တက်ရောက်ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နယ်မြေမငြိမ်သက်မှုတွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေကို ပညာဆက်လက် သင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ကျေးရွာတွေ စုပေါင်းကာ ပညာရေးစုံညီပွဲ ကျင်းပတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီ ကျေးရွာ(၁၀)က ကျောင်းသား၊ကျောင်းသူ (၈၀၀)ကျော်ကို CDM ဆရာ၊ဆရာမတွေနဲ့ ဒေသခံ လူငယ်တွေက ဦးဆောင်ပြီး ပညာသင်ကြားပေးနေတယ်လို့ ဒေသခံတစ်ဦး က ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ ကျေးရွာ (၁၈၀)ကျော် ရှိပြီး စစ်အာဏာသိမ်းစက စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းခဲ့ကာ လက်ရှိမှာတော့ မင်းကင်းနယ် ကျေးရွာအများစုကို ဒေသကာကွယ်ရေးတပ်တွေနဲ့ PDF တွေက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။