ရန်ကုန်ကတော့တစ်နေ့ထက်တစ်နေ့မရိုးရဘူး

မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီမြို့သစ် ၄ ရပ်ကွက်ရှိ ဗိုလ်မှူး ၁ ဦး၏ နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်၊ ကျိုက်လတ်မြို့မ ရဲစခန်းရှိ ရဲတန်းလျားကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီမြို့သစ် ၄ ရပ်ကွက်ရှိ ဗိုလ်မှူး ၁ ဦး၏ နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်၌ မြောက်ဥက္ကာလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ၁ ဦး၏ နေအိမ်ကို ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုများက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်မှု အခြေအနေ အတိအကျတော့ မသိရသေးဘူး။ ဆေးရုံကားတော့ လာတယ်လို့ သိရတယ်” ဟု Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Dark Shadow တပ်ဖွဲ့ နှင့် မဟာမိတ် GOD / မြို့ပြတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဆက်တိုက်၍ တိုက်ခိုက် ချေမှုန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သတ်သည့် နေရာများ စစ်ကောင်စီ အသိုင်းအဝိုင်းမှကျင်းပသော ပွဲလမ်းသဘင်များ မသွားကြရန် နှင့်ဝေးဝေးမှ ရှောင်ရှားသွားလာကြပါရန် ရန်ကုန်မြို့ပြ တော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်ထားသည်။

အလားတူ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ပေါ် ကျိုက်လတ်မြို့မ ရဲစခန်းရှိ ရဲတန်းလျားကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဧရာမြို့ပြ ပြောက်ကျားအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကျိုက်လတ်မြို့နယ်ပေါ် ကျိုက်လတ်မြို့မစခန်းရှိ ရဲတန်းလျားကို ဝေးထိန်းမိုင်း(အပြင်းစား) ဖြင့် မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေအသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဧရာမြို့ပြ ပြောက်ကျားအဖွဲ့ (ကျိုက်လတ်)နှင့် စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည်တော်)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *