ဂျန်မာတပ်ထားလည်းဆော်မှာပဲ

ဒရုန်းများကို တားဆီးနိုင်သည့် Jammer များ တိုးမြှင့် တပ်ဆင်ထားသော အ ရှေ့ တောင်တိုင်း စစ်ဌာနချုပ်အတွင်းရှိ တိုင်းမှူးအိမ်ကို ဒရုန်းဖြင့် ထပ်မံဗုံးကျဲ

ရန်ကုန်၊ ဒီဇင်ဘာ ၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဒရုန်းများကို တားဆီးနိုင်သည့် Jammer များ တိုးမြှင့် တပ်ဆင်ထားသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ တိုင်းမှူးအိမ်ကို ယနေ့ မွန်းလွဲပိုင်း ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်သွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်အချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ တိုင်းမှူး နေအိမ်ကို ထပ်မံ ၍ ဒရုန်းဖြင့် ဗုံးကျဲခြင်းဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ဆိုသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်အချိန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းထဲမှာ အုန်းတယ်။ မြေကြီးပါတုန်တယ်။ Jammer တပ်ထားလည်း မရဘူး။ ဒရုန်းကို အောက်ကနေ သေနတ်နဲ့ပြန်ပစ်နေတာ။ စစ်တိုင်းမှူးနေအိမ်လောက်ဖြစ်မယ်။ အရင်က ညဘက်ဆော်တာ။ဒီနေ့တော့ နေ့ခင်းကြီး ဝင်ဆော်သွားတာ။ အသံတော်တော်ပြင်းတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း စစ်တိုင်းမှူး၏ လျှို့ဝှက်နေအိမ်အပါအဝင် ပစ်မှတ် လေးနေရာကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats တပ်ခွဲ) နှင့် မွန်ပြည်နယ်ပကဖ၊ KNDO တပ်ရင်း ၆ တို့ ပူးပေါင်းပြီး Kamikaze drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်သည့်နေရာများတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ လျှို့ဝှက်နေအိမ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်၊ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသော ရဟတ်ယာဉ်မောင်း ပိုင်းလော့များတည်းခိုသည့်ရိပ်သာ၊ မွန်ပြည်နယ် ရဲတပ်ရင်း ၁၅ ရဲတပ်ရင်းမှူးအိမ် စသည့် ၄ နေရာအား တပြိုင်နယ်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့ညနေပိုင်းကလည်း မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း၊ တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲ က Fix wing Kamikaze Drone ၂စင်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တပ်ဘက်မှ ၂ ဦးသေဆုံးပြီး အရာရှိတချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *