စကစက“ဖြတ်လေးဖြတ်”ဗျူဟာ လုပ်‌ဆောင်နေဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

စစ်ကောင်စီက“ဖြတ်လေးဖြတ်”ဗျူဟာ လုပ်‌ဆောင်နေဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

ဒီဇင်ဘာ ၆ ရက်

၁၀၂၇ စစ်ဆင်ရေးစတင်ဆင်နွှဲခဲ့တဲ့နေ့စကပြီး ဒီဇင်ဘာ၅ရက်အထိ တစ်ရက်မျှမနားဘဲ မျှော်မှန်းထားတဲ့ စစ်ဆင်ရေးပစ်မှတ်တွေကို အမိအရချေမှုန်းနိုင်ခဲ့တယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ MNDAA၊TNLA နဲ့ AA ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

၁၀၂၇စစ်ဆင်ရေးကို အောက်တိုဘာ၂၇ရက်ကနေစတင်ခဲ့တာဖြစ်ပြီး မနေ့ကအထိ ရက်ပေါင်း (၄၀)တိတိ ရှိခဲ့ပြီဖြစ်ကြောင်းနဲ့ စစ်ဆင်ရေးရက် (၄၀)ပြည့်နေ့မှာ ရှမ်းမြောက်ဒေသအတွင်းရှိ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းအချို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဇင်ဘာလ (၄) ရက်နေ့၊ ည ၁၁နာရီအချိန်ခန့်ကလည်း ကိုးကန့်တပ်မတော် (MNDAA)အနေနဲ့ ကိုးကန့်၊ ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ကြည်လမ်းခွဲမှာ စစ်ကောင်စီရဲ့ကုန်းကြမ်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (စကခ) (၁၆)ရဲ့ တပ်ခွဲမှူးကိုရှင်းလင်းနိုင်ခဲ့သလို ရန်သူ့တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်စုစုပေါင်း (၇) ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ် ထားပြီး စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျချိုးဖောက်ကာ ဒေသခံတွေဖမ်းဆီးလာခြင်း၊ လမ်းပြစေခိုင်းခြင်းနဲ့ လူသားဒိုင်းကာပြုလုပ်ခြင်းစတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျုးလွန်နေလျက်ရှိကြောင်းနဲ့ ရန်သူအုပ်ချုပ်ရေး ယန္တရားလွှမ်းမိုးနေဆဲ နေရာဒေသတွေက အရပ်သား ပြည်သူနေထိုင်ရာ မြို့၊ ရပ်ရွာတွေက နေအိမ်များအတွင်း အလွယ်တကူဝင်ရောက်ဖမ်းဆီးခြင်း၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခြင်းနဲ့ ပြည်သူပိုင် ပစ္စည်းတွေကို အဓမ္မသိမ်းဆည်းခြင်းတွေအပြင် ကုန်စည်စီးဆင်းမှုနဲ့ရိက္ခာပြတ်လပ်စေရန် စားသောက်ကုန် ရောင်းချမှု ဟန့်တားပိတ်ပင်ခြင်းနဲ့ သတင်းအချက်အလက် ပြတ်တောက်စေရန် အင်တာနက်၊ ဖုန်းလိုင်းဖြတ်တောက်လာခြင်းတွေအပြင် သတင်းမီဒီယာတွေကိုပါ ပိုမိုဖိနှိပ်လာခြင်းစတဲ့ “ဖြတ်လေးဖြတ်” ဗျူဟာကိုလုပ်‌ဆောင်လာနေတာတွေ့ရတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာ၂၇ရက်ကနေ ဒီဇင်ဘာ၃ရက်အထိ ရှမ်းပြည်နယ် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ ၁၄၇ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၃၀ဦးရှိခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က ဓာတုဗုံးအသုံးပြုတိုက်ခိုက်မှု (၁၀)ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့MNDAA၊TNLAနဲ့ AAညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

၁၀၂၇စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ ရှမ်းမြောက်တိုက်ပွဲတွေမှာ MNDAAနဲ့ပူးပေါင်းတပ်တွေက သာလွန်အင်အားစုစည်းခြင်းနဲ့ နည်းပညာသာလွန်မှုကိုအသုံးချပြီး စစ်သုံးအဆင့် Droneတွေနဲ့ Drop Bombအလုံးပေါင်း ၂၅၀၀၀ ကျော်ခန့်အသုံးပြုခဲ့ပြီး ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ အဲ့ဒီလိုတိုက်ခိုက်ရာမှာ KIA၊ AA၊ TNLA တို့အပြင် ပြည်ပက ဒရုန်းပညာရှင်တွေအပါအဝင် စုစုပေါင်းအင်အား (၆၅၀၀) ခန့် ပါဝင်ခဲ့တယ်လို့ နိုဝင်ဘာ ၂၉ရက်ကပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့အစည်းအဝေးမှာ ပြောထားပါတယ်။

၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင်တွေ့ရသော စစ်တပ်(ဓာတ်ပုံ- Getty Images)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *