ကောင်းရာမွန်ရာရောက်ကြပါစေခလေးတို့ရေ သတင်း(ရုပ်သံ)

မြိုင်နယ် လင်းကတောရဲစခန်းသိမ်း တိုက်ပွဲမှာ လေကြောင်းဗုံးကျဲခံရလို့ တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံး၊

လက်နက်ချဖို့အတွက် မပစ်ဘဲ စောင့်နေချိန် လေကြောင်းဗုံးကျဲခံရတာ ဖြစ်ပြီး စခန်းမသိမ်းနိုင်၊

MN/MFP ၊ ဒီဇင်ဘာ – ၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းကို မနေ့က ဒီဇင်ဘာ(၇)ရက်မှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲချိန် စစ်အုပ်စုက လေကြောင်းသုံးပြီး ဗုံးကျဲတိုက်ခိုက်တာကြောင့် တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံးတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – မြိုင်ပကဖ က ဗိုလ်နားကွင်းက MFP ကို ပြောပါတယ်။

မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို တော်လှန်ရေး တပ်တွေက အသာစီးနဲ့ စီးနင်းတိုက်ခိုက်နေပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ခါနီး၊ စစ်အုပ်စုတွေ လက်နက်ချဖို့ ပြောဆိုကာ အချိန်ပေးစောင့်ဆိုင်းနေချိန် စစ်အုပ်စုက (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်လာရောက် ပစ်ခတ်သလို တိုက်လေယာဉ်နဲ့ပါ ဗုံးကျဲချတာကြောင့် တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံးတာလို့ ဆိုပါတယ်။

“မနေ့က သူတို့ကို လက်နက်ချဖို့ ကျွန်တော်တို့က ပြောတယ်။ လက်နက်ချ အညံ့ခံမယ်ထင်လို့ သူတို့အချင်းချင်း တိုင်ပင်နေတာ မြင်လို့ မပစ်ဘဲ ခဏစောင့်ပေးလိုက်တာ။ ရဲစခန်းကလည်း ဝင်သိမ်းဖို့ပဲ ကျန်တော့တာပေါ့။ (၁၅) မိနစ်ကျော်လို့ လက်နက်မချတာကြောင့် ထပ်ပြီးပစ်တဲ့အချိန်မှာ တံတားဦးကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ လာပြီး ရဲဘော်တွေ ဝင်ခိုနေတဲ့ အိမ်ကို ပေါင် (၅၀၀) ဗုံးနဲ့ ချသွားလို့ တပ်စိပ်တစ်စိပ်လုံးနီးပါး ကျသွားတာ။ တစ်ယောက်ပဲ အကောင်း ပကတိ ပြန်လာနိုင်တာ“လို့ မြိုင် ပကဖ က ဗိုလ်နားကွင်းက ပြောပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေဟာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို ပကဖ ရဲဘော် လေးဦးနဲ့ မြိုင် ပကဖ ရဲဘော် ငါးဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေကို ဒီနေ့ ဒီဇင်ဘာ(၈)ရက် မနက်ပိုင်းမှာ ကောင်းမွန်စွာနဲ့ သင်္ဂြိုဟ်လိုက်ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ (၄)ရက်က စတင်ကာ စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၇) ရက်မှာ စခန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နေချိန် စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်၊ တိုက်လေယာဉ်နဲ့တစ်ကြိမ်၊ ပေါင်(၅၀၀) ဗုံးတွေပါ သုံးပြီး ဗုံးကျဲပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုက လေကြောင်းသုံးပြီး ဗုံးကျဲပစ်ခတ်တာကြောင့် လင်းကတော ရဲစခန်းကို စခန်းမသိမ်းနိုင် သေးဘူးလို့လည်း ဗိုလ်နားကွင်းက ရှင်းပြပါတယ်။

စစ်အုပ်စုရဲ့ ပေါင်(၅၀၀)ဗုံးဒဏ်ကြောင့် တော်လှန်ရေး ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ မီးလောင် ပျက်စီးခဲ့သလို လင်းကတော ရဲစခန်း ပတ်ဝန်းကျင်မှာ ရှိတဲ့ နေအိမ်တွေနဲ့ အဆောက်အဦးတွေလည်း မီးလောင်၊ ပြိုကျ ပျက်စီးခဲ့တယ်လို့ ဗိုလ်နားကွင်းက ဆိုပါတယ်။

“ရဲဘော်တွေ ဝင်ခိုနေတဲ့ အိမ်ပေါ်မှာ ဗုံးက တည့်တည့်ကျတော့ အိမ်ကလည်း ပြိုကျသွားတယ်။ ရထားတဲ့ လက်နက်ခဲယမ်းတွေလည်း မီးလောင်ပေါက်ကွဲသွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေလည်း မီးလောင်သွားတော့ ရုပ်တွေတောင် မနည်းသေချာခွဲပြီး ရွေးထုတ်လာရတာ”လို့ ဗိုလ်နားကွင်းက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *