မော်လမြိုင်မှာ စကစ အရာရှိကြီးတွေအတွက် ဘန်ကာဆောက်ဖို့ ကွန်ကရစ်တွေ မှာယူနေ

မော်လမြိုင်မှာ စစ်ကောင်စီ အရာရှိကြီးတွေအတွက် ဘန်ကာဆောက်ဖို့ ကွန်ကရစ်တွေ မှာယူနေ

မော်လမြိုင်၊ ဒီဇင်ဘာလ ၉ ရက်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) အထိုင်ချထားရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်တပ်အရာရှိကြီးတွေနဲ့ စစ်ကောင်စီခန့် ဝန်ကြီးတွေ အတွက် ဗုံးခိုကျင်း (ဘန်ကာ) တွေ ဆောက်ဖို့ ကွန်ကရစ် မှာယူနေကြတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

“ မှာထားတာ သေချာတယ်၊ သူတို့တွေပဲ လာမှာကြတာ၊ ဝန်ကြီး၊ ပြည်နယ်မှူးတွေက ကိုယ်တိုင်ပဲ ကွန်ကရစ်တွေကို လာသယ်တယ်၊ သူတို့နေရာကို မသိစေချင်လို့ ဖြစ်မယ်” လို့ စစ်ကောင်စီနဲ့ နီးစပ်သူက Rehmonnya FM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် နဲ့ ဝန်ကြီးအိမ်ယာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဖြင့် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါအပြင် တော်လှန်ရေးအင်အားစုတွေက မော်လမြိုင်မြို့နဲ့ ၁၅ မိုင်ခန့် အကွာရှိ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသအထိ ထိုးစစ်ဆင်တိုက်ခိုက်လာပြီးတဲ့နောက် စစ်ကောင်စီ အရာရှိကြီးတွေအနေနဲ့ အခုလို ဗုံးခိုကျင်းတွေ ဆောက်လုပ်ဖို့ ပြင်ဆင်လာ ကြတာဖြစ်ပါတယ်။

“ ချောင်းနှစ်ခွ တံတားကို PDF တွေ ကျော်လာကတည်းက အကြီးပိုင်းတွေ အကုန် သူတို့အိမ်မှာ မနေတော့ဘူး ရှောင်နေကြတယ် ” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

လက်ရှိ မှာယူထားတဲ့ ကွန်ကရစ်တွေကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ မော်လမြိုင်မြို့ ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော် ပိုင်ဆိုင်တဲ့ ငွေမိုးကွန်ကရစ်ကုမ္ပဏီမှာ အဓိက အော်ဒါအနေနဲ့ ဒီဇင်ဘာလပထမရက်တွေမှာ မှာယူတာဖြစ်တယ်လို့ ဆိုပါတယ်။

အရေအတွက် မည်မျှနဲ့ ဘယ်ရုံးတွေအတွက် အဓိက မှာယူတာကိုတော့ Rehmonnya FM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ စစ်ဆေးရေးဂိတ်တချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးနောက် မော်လမြိုင်မြို့မှာ နေထိုင်ကြတဲ့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် စစ်ဘက်တပ်ဘက်အရာရှိတွေအကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် မော်လမြိုင်မြို့မှာ စစ်ကောင်စီဘက်က လုံခြုံရေးဖြည့်တင်းထားပြီး ညဘက်ကင်းလှည့်ထွက်တာတွေ ဧည့်စာရင်း စစ်တာတွေ ပိုမိုလုပ်ဆောင်လာသလို ဌာနဆိုင်ရာရုံးတွေမှာလည်း လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

လက်ရှိ ပြည်နယ်အတွင်းက ရေး၊ ကျိုက်မရော၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ အစရှိတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးပူးပေါင်းတို့အကြား ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေသလို ပြည်နယ်မြို့တော်မော်လမြိုင်မှာလည်း အခုရက်ပိုင်းအတွင်း ဖောက်ခွဲတိုက်ခိုက်မှုတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာပါ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *