အဘတို့က မဟုတ်သတင်းတအားလွှင့်တာပဲ(ရုပ်သံ)ပဲရှိုးလိုက်တော့

နောင်ချို သံဘိုရွာ စစ်အုပ်စု စခန်းကို MDY-PDF က ဆက်လက် သိမ်းပိုက်ထားကြောင်း ရုပ်သံ ထုတ်ပြန်

စခန်းပြန်သိမ်းလိုက်ပြီလို့ သတင်းဖြန့်နေတဲ့ စစ်အုပ်စုကို သံဘိုရွာဘက် လာခဲ့ဖို့ ဖိတ်ခေါ်

ဇန်နဝါရီ – ၁၀

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မေမြို့ – မိုးကုတ် လမ်းက သံဘိုရွာ စစ်အုပ်စု စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF နဲ့ တအာင်း တပ်မတော် (TNLA) ပူးပေါင်းတပ်က ဇန်နဝါရီ(၃)ရက်က စတင်ကာ တိုက်ခိုက် သိမ်းပိုက်ထားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။

နောင်ချိုနယ် သံဘိုရွာဟာ မေမြို့နဲ့ (၁၅)မိုင်အကွာမှာ တည်ရှိပြီး အဲ့ဒီ သံဘိုရွာကို စစ်အုပ်စုက ပြန်လည် သိမ်းယူလိုက်ပြီ ဆိုတဲ့ သတင်းမှားတွေ စစ်အုပ်စုက ဖြန့်ဝေနေတာကြောင့် ရုပ်သံ ထုတ်ပြန်တာလို့လည်း MDY-PDF က ဆိုပါတယ်။

“အခု အွန်လိုင်းပေါ်မှာ စကစ ကနေမှ သတင်းတွေ ဖြန့်ထားတာတွေ ရှိတယ်။ သံဘိုနဲ့ ကျောက်မဲလေးကနေ ကျနာ်တို့အဖွဲ့တွေကို မောင်းထုတ်လိုက်နိုင်ပြီလို့ ကြွေးကြော်ထားတာ ရှိတယ်။ အဲ့တာကို မှန်တယ်လို့ သူတို့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုရင်တော့ ကျနော်တို့ ရှိနေတဲ့ သံဘိုကျေးရွာဘက်ကို အချိန်မရွေး လာရောက်နိုင်ပါတယ်လို့။ ကျနော်တို့ဘက်ကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုဧည့်ခံမှာပါ” ဆိုပြီး MDY-PDF ရဲဘော်တစ်ဦးက ရုပ်သံမှတ်တမ်းမှာ ပြောဆိုထားပါတယ်။

သံဘိုရွာ စစ်အုပ်စု စခန်းကို MDY-PDF နဲ့ TNLA က ဇန်နဝါရီ(၂)ရက်မှာ စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ(၃)ရက် မနက်(၇)နာရီခွဲမှာ စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု စစ်ကြောင်းမှူး ဒု-ဗိုလ်မှူးကြီး သက်အောင် ကို ဖမ်းမိကာ စစ်အုပ်စု အများအပြား သေပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ ထုတ်ပြန်ပါတယ်။

“ဇန်နဝါရီ(၃)ရက် မနက်(၇)နာရီခွဲခန့်တွင် သံဘိုကျေးရွာ စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့၏ Drone Jammer စက်အကြီးများ အပါအဝင် လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရမိခဲ့သည်” လို့ MDY-PDF ဖော်ပြပါတယ်။

သံဘိုကျေးရွာ တိုက်ပွဲတွင် MDY-PDF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တချို့လည်း ထိခိုက် ကျဆုံးမှု၊ ပေးဆပ်မှု ရှိခဲ့တယ်လို့ ဆိုပြီး အသေးစိတ် အခြေအနေတွေကိုတော့ မဖော်ပြထားပါဘူး။

ဒါ့အပြင် သံဘိုရွာ တိုက်ပွဲဖြစ်နေချိန် ကျောက်မဲလေးရွာဘက်ကနေ ကားသုံးစီးနဲ့ စစ်ငူလာတဲ့ စစ်အုပ်စုကိုလည်း ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ MDY-PDF က ဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဟာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ တည်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပြီး လက်ရှိမှာ “တောင်သမန် စစ်ဆင်ရေး” ဖော်ဆောင်ကာ စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *