Breaking News မန္တလေး ကန်တော်ကြီးသတင်းအမှန်

မန္တလေး ကန်တော်ကြီးမှာ စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးယောက် သေ၊ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး

စစ်အုပ်စု တိုက်ခိုက်ခံရမှု မဖော်ပြဘဲ PDF အချင်းချင်း ပစ်ခတ်မှု ဖြစ်တာလို့ စစ်အုပ်စု သတင်းဖြန့်

ဇန်နဝါရီ ၁၈

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းမှာ လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို ဇန်နဝါရီ(၁၆)ရက် မနက်ပိုင်းက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သုံးယောက် သေပြီး တေယ်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးတယ်လို့ မတ္တရာမြို့နယ် ပကဖ တိုက်နယ်(၆) နဂါးနီတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ(၁၆)ရက်၊ မနက်(၁၁)နာရီလောက်က မန္တလေး ကန်တော်ကြီး ပတ်လမ်းမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်ဖို့ စုဝေးနေတဲ့ စစ်အုပ်စု ခုနှစ်ယောက်ကို မတ္တရာမြို့နယ် ပကဖ တိုက်နယ်(၆) နဂါးနီတပ်ဖွဲ့ နဲ့ တောဒေါင်းနီ မြို့ပြ‌ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စု သုံးယောက် လဲကျ သေဆုံးပြီး လက်နက်တွေ ကောက်ယူဖို့ ကြိုးစားချိန် စစ်ကား ရောက်လာလို့ လက်နက်မရခဲ့ဘဲ စစ်အုပ်စုထံက ဖုန်းနှစ်လုံး ကောက်ယူရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး ပြန်ထွက်လာချိန် စစ်အုပ်စုက လိုက်လံပစ်ခတ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးတယ်လို့ နဂါးနီတပ်ဖွဲ့က ဆိုပါတယ်။

“လဲနေတဲ့ ရန်သူဆီကနေပဲ သူတို့ အသုံးပြုတဲ့ ဖုန်းနှစ်လုံး ကောက်ပြီး ပြန်ဆုတ်လာရတယ်ဗျ၊ အဲ့အချိန် ကင်းပတ်တဲ့ ခွေးတွေ ပစ်လို့ ကျွန်တော့် ရဲဘော်တွေ ပြန်ဆုတ်ခွာတဲ့ အချိန်မှာ ရဲဘော်တစ်ယောက် ကျခဲ့ပါတယ်၊ DB (အလောင်း)တော့ ပြန်မရပါဘူး၊ ခွေးတွေပဲ သယ်သွားပါတယ်ဗျ၊ ကျွန်တော်တို့ တပ်ဖွဲ့ မတ္တရာမြို့နယ် ပကဖ ဆို‌ပေမယ့် မန္တလေးမြို့ပေါ်မှာလည်း မစ်ရှင်များစွာ ပြုလုပ်ခဲ့ပါတယ်၊ အဲ့ဒါကြောင့် မန္တလေးမှ မဟုတ်ဘဲ စခ၊ရခနဲ့ ပျု ဒလန်ရှိ‌တဲ့ ဘယ်နေရာမဆို ကျွန်တော်တို့ ရောက်လာမယ်ဆိုတာပဲ ပြောချင်ပါတယ်ဗျ”လို့ မတ္တရာမြို့နယ် ပကဖ တိုက်နယ်(၆) တာ၀န်ခံ ကိုသားငယ်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ လမ်းပေါ်တက် ပြည်သူကို ဖမ်းဆီး ငွေညှစ်နေတဲ့ စစ်အုပ်စုကို PDF တွေက လာရောက် တိုက်ခိုက်တယ်ဆိုတာ မဖော်ပြဘဲ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေတာလို့ သတင်းဖြန့်ပါတယ်။ ဇန်နဝါရီ(၁၆)ရက် မနက်(၁၁)နာရီလောက်က မန္တလေးမြို့ ကန်တော်ကြီး ပတ်လမ်းမှာ PDF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပြီး ဆိုင်ကယ်စီးလာသူ တစ်ဦးကို နောက်ကနေ လူနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အဲ့ဒီနေ့က မန္တလေး ကန်တော်ကြီးထဲက စားသောက်ဆိုင်တွေ ရှေ့မှာ ဆိုင်ကယ်တစ်စီးနဲ့ လဲကျ သေဆုံးနေတဲ့ အလောင်း တွေ့ခဲ့ရပြီး စစ်အုပ်စု လက်နက်ကိုင်တွေကိုလည်း အဲ့ဒီနားမှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ သေဆုံးတဲ့ အမျိုးသားရဲ့ အလောင်းကို မန္တလေးမြို့ တမ္မဝတီ ရဲကင်းက စစ်အုပ်စုနဲ့ ဧရာမေတ္တာ နာရေးကူညီကားနဲ့ လာသယ်ဆောင်သွားတယ်လို့ မန္တလေး မြေပြင်ကင်းထောက် MDY Revolution က ဖော်ပြပါတယ်။

မန္တလေးမှာ စစ်အုပ်စု၊ ပျူ၊ စည်ပင်၊ မီးသတ်၊ မီးရထားရဲ စတာတွေ ပူးပေါင်းပြီး မြို့အနှံ့ ဂိတ်တွေဖွင့်၊ အုပ်စုဖွဲ့ လက်နက်ကိုင် လမ်းပေါ်တက်ကာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်ချိန် သိမ်းဆည်းရရှိခဲ့တဲ့ ဖုန်းနှစ်လုံး/Photo – နဂါးနီတပ်ဖွဲ့၊

မန္တလေး ကန်တော်ကြီးမှာ ပစ်သတ်ခံထားရတဲ့ လူငယ်တစ်ဦး/Photo – စစ်အုပ်စု

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *