အရေးယူစရာလား ဘိန်းစားဂိုဏ်းသားချင်းတူတူ

နေပြည်တော်စစ်ရုံးအတွင်းသို့ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း၏သားဖြစ်သူ မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိရသော်လည်း အရေးယူမှုမရှိရန်ကုန်၊ ဖေဖော်ဝါရီ ၃ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူက နေပြည်တော်စစ်ရုံးအတွင်းသို့ သုံးစွဲရန် မူးယစ်ဆေးဝါး သယ်ယူလာမှု စစ်ဆေးတွေ့ရှိသော်လည်း အရေးယူမှုမရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို့ ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးဖြစ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းရုံး၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်က တစ်စုံတစ်ရာ အရေးယူမှု မလုပ်ဆောင်တော့ဘဲ ဖုံးကွယ်ပေးထားကြောင်း သိရှိရသည်။ “ကားသမားက ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း မန္တလေးတိုင်းဘ၀ကတည်းက ခေါ်ထားတဲ့ ငယ်တပည့်ရင်းက ကားမောင်းတာ။ ကားက VIP CAR PASS ပါတယ်။ အဲဒီအမှုကို ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဆီကို သတင်းပို့တော့ သတင်းမပေါက်ကြားဖို့နဲ့ နှုတ်ပိတ်ထားဖို့ပဲ ပြောတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းတွင် သားတစ်ဦးနှင့်သမီးတစ်ဦးရှိပြီး အများစုမှာ သမီးကိုသာ သိရှိကြကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဘဝဖြင့် အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ် မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး စစ်ထောက်ချုပ်တာဝန်ကိုပါ ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ၂၀၂၃ ခုနှစ်တွင် ပူးတွဲ တာဝန်ထမ်းဆောင်ရကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *