မြန်မြန်အရေးယူနိုင်ပါစေ

ပြည်သူများအပေါ် သတ်ဖြတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို နိုင်ငံတကာ ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူနိုင်ရေး NLD က ဆောင်ရွက်နေဟု ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မြန်မာပြည်သူများအပေါ် သတ်ဖြတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို နိုင်ငံတကာဥပဒေနှင့်အညီ တရားစွဲဆို အရေးယူနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ တရားဝင် ကြေညာသည်။

အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် ကလေးသူငယ် ၃၁၄ ဦး အပါအဝင် ပြည်သူ ၄၂၅၁ ဦးကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့ပြီး အရပ်သား ပြည်သူများ နေထိုင်သည့် နေရာများကို လေကြောင်းဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၄၀၈ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ အဆိုးဝါးဆုံး ကျူးလွန်မှုများသည် အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ ညဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခြင်းများ၊ ပြည်သူတို့၏ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းများ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ ၄၂၅၁ ဦးရှိကာ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပါတီဝင် ၁၀၀ ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် ၃၁၄ ဦး တို့ ပါဝင်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းတစ်ခုဖြစ်သော အရပ်သား ပြည်သူတို့၏ နေထိုင်ရာ ရပ်ရွာများကို လေကြောင်းဖြင့် တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၇ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၄၀၈ ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၅၅ ဦး ရှိကြောင်း၊ ထို့ပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သား ပြည်သူများ နေထိုင်ရာ ရပ်ရွာများကို လက်နက်ကြီးငယ် များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှု များတွင် ဘာသာရေး အဆောက်အဦးများလည်းပါဝင်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ကောက်ယူထားသော စာရင်းများအရ တိုက်ခိုက်ခံရမှု ၄၃ ကြိမ် ရှိနေကြောင်း သိရှိရသည်။

ပြည်သူများ၏ နေအိမ်ပေါင်း ၆၄,၁၄၁ လုံးကိုလည်း စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ပြီး တချို့ဒေသများတွင် အကြိမ် ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများရှိခဲ့ရာ ဖျက်ဆီးမှုအကြိမ်ပေါင်း ၁၆၁၄ ကြိမ် ရှိကြောင်း၊ NLD လွှတ်တော် ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်များကိုလည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီက ပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိတ်ပိတ်သိမ်းယူခြင်းများ၊ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းများကြောင့် ပြည်သူ ၇၈၆ ဦး ၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၉၆၆ ခု ရှိကြောင်း၊ ထိုအထဲတွင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၉၈ ဦး နှင့် ပါတီဝင် ၂၃၇ ဦး၊ စုစုပေါင်း အဖွဲ့ချုပ် အဖွဲ့ဝင် ၄၃၅ ဦး တို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၅၄၉ ခု ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ နှင့် အဖွဲ့ချုပ်ရုံး များကို အဓိကပစ်မှတ်ထားကာ ချေမှုန်းရန် ရည်ရွယ်ရင်းရှိသည့်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်) – ၃ ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများ – ၁၅ ကြိမ်၊ ခရိုင်ရုံးများ – ၆ ကြိမ်၊ မြို့နယ်ရုံးများ – ၁၁၂ ကြိမ်၊ ရပ်ကျေးရုံးများ – ၂၈ ကြိမ် စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း ၁၆၄ ကြိမ် ရှိကြောင်း သိရသည်။

စစ်တပ်က ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာတွင် ဖမ်းဆီးခံရသူ ပြည်သူ ၁၇,၂၇၇ ဦး ရှိပြီး ၎င်းတို့ထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး နှင့် အဖွဲ့ချုပ် ပါတီဝင် ၁၉၀၅ ဦး တို့ပါဝင်ကာ လက်ရှိ ဖမ်းဆီးခံထားရသည့် အသက်မပြည့်သူ ကလေးသူငယ် ၃၅၄ ဦး နှင့် ဖမ်းဆီးခံအမျိုးသမီး ၂၀၅၈ ဦး တို့ ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ စာရင်းများသည် လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (HRDT-NLD) မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လက်လှမ်းမီ သလောက်နှင့် တိကျသော မှတ်တမ်းများကို ပြုစုထားခြင်းဖြစ်ပြီး ပကတိမြေပြင်တွင် ယခုထက် ပိုမိုများပြား နိုင်ကြောင်း သိရှိရသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီသည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဓမ္မ ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုကို စတင်ကျူးလွန်ကာ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ဆက်တိုက် ကျူးလွန် လာသဖြင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ကို ၂၀၂၁ ခုနှစ် မေ လတွင် စတင်ဖွဲ့စည်းပြီး စစ်ကောင်စီ၏ ကျူးလွန်မှုများကို မှတ်တမ်းများ ကောက်ယူကာ ရရှိသောအချက်အလက် အထောက်အထားများကို အခါအားလျော်စွာ သတင်းထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။

စစ်တပ်က ကျူးလွန်နေသော ချိုးဖောက်မှုတွေ ရပ်တန့်ရန်၊ ထပ်မံမဖြစ်ပွားရန်၊ ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေရန်တို့အတွက် နိုင်ငံတကာဥပဒေ များဖြင့် တရားစွဲဆိုအရေးယူနိုင်ရေးကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းများ၊ ပူးပေါင်း ဆောင်ရွက် ခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ က ထုတ်ပြန်ပြောဆိုထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *