မန္တလေးမြို့ကြီး အတော်ကြောက်ဖို့ကောင်းနေဘီ‌(ရုပ်သံ)

မန္တလေးမှာ ကလေးကျောင်းပို့ ပြန်လာသူကို သတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်၊

စစ်အုပ်စုက လူသတ်၊ ဓားပြတွေကို မဖမ်းဘဲ စစ်အုပ်စုအပေါ် ဝေဖန်သူတွေကိုသာ လိုက်လံဖမ်းဆီး

ဖေဖေါ်ဝါရီ – ၂၁

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၂၈)လမ်းနဲ့ (၂၉)လမ်းကြား၊ (၅၃)လမ်းပေါ်မှာ ကလေးကျောင်းပို့ပြီး ပြန်လာတဲ့ အမျိုးသားကို ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်လုယက်မှု ယမန်နေ့ ဖေဖော်ဝါရီ(၁၉)ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီနေ့ နေ့ခင်း(၁)နာရီခွဲက ကလေးကျောင်းပို့ပြီး ဆိုင်ကယ်နဲ့ အိမ်ပြန်လာတဲ့ အမျိုးသားကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက ဓါးနဲ့ခုတ်ကာ ဆိုင်ကယ် လုယက် ထွက်ပြေးသွားပြီး ဓါးနဲ့ အခုတ်ခံရသူဟာ နေရာမှာပဲ သေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်၊ အပိုင်း(၅)ထဲမှာ နေထိုင်တဲ့၊ သားသမီးနှစ်ဦးရဲ့ ဖခင်၊ အသက်(၄၉)နှစ်အရွယ် အမျိုးသား ဖြစ်ပြီး လုယက်ခံလိုက်ရတဲ့ ဆိုင်ကယ်က ဟွန်ဒါစကူဖီ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီ (၅၃)လမ်းပေါ်မှာ ယခုလပိုင်းအတွင်း လုယက်မှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးတာ မရှိသလောက် အားနည်းတယ်လို့ မြို့ခံတွေ့ ဆိုပါတယ်။

“ဟိုတစ်ရက်ကလည်း သိပ္ပံလမ်းပေါ်မှာ မီးပွိုင့်မိနေတုန်း နေ့ခင်းပိုင်းပဲ ရှိမယ်၊ မီးပွိုင့်မှာ မီးနီတုန်း ကလစ် ဆိုင်ကယ်နဲ့ လူကို ဘေးကနေပြီး ဆိုင်ကယ်နဲ့ နှစ်ယောက် ဓားနဲ့ထိုးတာ၊ ဓားနဲ့ထိုးပြီးတော့ ဆိုင်ကယ်လုတာ၊ အဲ့ဒါနဲ့ ဆိုင်ကယ်သမားက ကြောက်ပါတယ်၊ကြောက်ပါတယ် လူ မလုပ်ပါနဲ့ဆိုပြီး ဆိုင်ကယ်ပေါ်ကနေ ဆင်းပြေးတာ၊ ဘေးနားက လူတွေကလည်း တစ်ယောက်မှ ဝိုင်းမကူဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမှာ လူသတ်၊ လုယက်၊ ဓားပြတိုက်ခံရလို့ စစ်အုပ်စု ရဲတွေထံ သွားရောက် တိုင်းတန်းပါလည်း စစ်အုပ်စုက အမှုလိုက်ဖို့ထက် ငွေညှစ်ဖို့သာ ကြိုးစားနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အဲ့လို အလုခံရတဲ့ လူတွေက ရဲစခန်းကို ဘာလို့ မတိုင်လဲ ဆိုတော့ တိုင်လဲ တိုင်ခပဲ ကုန်တာပဲလေ၊ တကယ်လည်း သူတို့ ဘာလုပ်ပေးနိုင်လို့တုန်း၊ လုပ်မှ မလုပ်ပေးနိုင်တာ၊ ဖြစ်ပြီးမှပဲ ရောက်လာတာတွေဥစ္စာ၊ တကယ့်တကယ် ဟာတွေကျတော့ သူတို့ မဖမ်းနိုင်ပါဘူး၊ သူခိုးဂျပိုး ဖမ်းမိတယ်ဆိုတာ မကြားမိပါဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ(၃၀)ရက် မနက်ပိုင်းက မန္တလေးမြို့ (၈၄)လမ်းပေါ်က လူစည်ကားရာ ဈေးဖြစ်တဲ့ မန်းမြို့ဈေးက ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ(၁၇)ရက်မှာ မန္တလေး ဆေးတက္ကသိုလ်အနီးက (၇၃)လမ်းနဲ့ လမ်း(၃၀)ထောင့်က အောင် ရွှေဆိုင် ဓားပြတိုက်ခံရသလို ဇန်နဝါရီ(၁၉)ရက်မှာ မန်းမြို့ဈေးက ဆယ်သန်း ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။

စစ်အုပ်စုက ဓားပြမှု ကျူးလွန်သူတွေကို မဖမ်းပေမယ့် “ဓားပြတိုက်တာ ရဲမှရဲ” လို့ လူမှုကွန်ယက်မှာ မှတ်ချက် ရေးသူကိုတော့ နာရီပိုင်းအတွင်း ခြေရာခံ ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ လုယက်၊ ဓားပြ၊ မုဒိန်း၊ စတဲ့ သောင်းနဲ့ချီတဲ့ ရာဇဝတ်သားတွေကို စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ထောင်က ပြန်လွှတ် ပေးထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *