တောင်ပိုင်းကအုပ်ကြီးတွေထမင်းဝဝစားထားကြတော့

စစ်သားစုဆောင်းနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ်လို့ မွန်ပြည်သစ်ပါတီ AD သတိပေး

မတ်လ ၁၆ ရက်

စစ်ကောင်စီရဲ့ စစ်သားစုဆောင်းရေးကိစ္စမှာ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က သတိပေးချက် ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းဖို့ရန် လူအယောက် ၁၀၀ ပေးပို့ဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပြီးနောက် မနေ့က NMSP-AD ကနေ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။“စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ စကစ အုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့ အသိပေးထားတာတွေ ရှိတယ်၊ ကျိုက်မရောမှာ စစ်သားအယောက် ၁၀၀ ကို ခေါ်ဖို့ စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေက အကောင်အထည်ဖော်တဲ့အပိုင်းမှာ ဒီလုပ်ငန်းတွေကို ဆက်ပြီး အကောင်အထည်မဖော်ဖို့ သတိပေးထားတာ ရှိပါတယ်” လို့ NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာ ကျေးရွာ လူဦးရေ အနည်း အများပေါ် မူတည်ပြီး ကျေးရွာတရွာကို လူ ၂ ဦးကနေ ၁၀ ဦးအထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ရွေးချယ်ပြီး မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားကာ စစ်ကောင်စီထံ ပေးပို့ရမယ်လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ပြည်တွင်းစစ်ပြင်းထန်နေတဲ့ ဒီအချိန်အခါမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေတာဟာ တိုင်းပြည်နဲ့ လူငယ်တွေအတွက် အကျိုးယုတ်စေတဲ့ကိစ္စ ဖြစ်တာကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့၊ တော်လှန်ရေးအဖွဲ့၊ ပြည်သူလူထုနဲ့ အဖွဲ့အစည်းအသီးသီးတို့က ဆန့်ကျင်တော်လှန်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ မနက်ပိုင်းက ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။အဆိုပါ မတ် ၁၄ ရက်နေ့ ညနေပိုင်းမှာတော့ မုဒုံမြို့နယ်၊ ကွမ်လှာနဲ့ ရောင်ဒေါင်းကျေးရွာကြားရှိ လမ်းမပေါ်မှာ ကမာဝက်မြို့ နယ်မြေရဲစခန်းမှူး မင်းဌေးမောင်မောင် စီးနင်းလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ NMSP-AD မဟာမိတ်ဆက်ဆံရေးတာဝန်ခံနှင့် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

“၁၄ ရက်နေ့ ညနေ ၆ နာရီက မုဒုံမြို့နယ် ကွမ်လှာနဲ့ ရောင်ဒေါင်းကြားမှာ ကျနော်တို့တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်တာ ဖြစ်တယ်၊ ရဲတွေ အကုန်ထွက်ပြေးသွားတယ်၊ ကားနှစ်စီးနဲ့ လက်နက်တလက် (MA1) သိမ်းဆည်းရမိတယ်၊ ကားနှစ်စီးကို မီးရှို့လိုက်တယ်” လို့ နိုင်ဗညားမွန်က ဆိုပါတယ်။မတ် ၁၄ ရက်နေ့ ညနေနဲ့ ညပိုင်းမှာလည်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ဟာ ဒေသတွင်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး တံခွန်တိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

NMSP-AD ဟာ မတ်လဆန်းပိုင်းမှာတော့ မုဒုံရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးကာ လက်နက် ၁၅ လက်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့လ ၁၄ ရက်နေ့က ကြေညာထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *