ရွှေစျေး ဆီစျေးကတော့တတ်လည်းတတ် ပြတ်လည်းပြတ်

မြန်မာ့အခေါက်ရွှေ တစ်ကျပ်သား ၄၂ သိန်းခွဲနီးပါး အထိ စံချိန်တင် မြင့်တက်ပြီး အရောင်းအဝယ် ရပ်ဆိုင်း

■ ဓာတ်ဆီစျေးနှုန်းများလည်း မြင့်တက်သွားပြီး စက်သုံးဆီဆိုင်တချို့တွင် ဆီပြတ်လပ်နေရန်ကုန်၊ မတ် ၂၂ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည် ယမန်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင်ငွေကျပ် ၄၂ သိန်း ၄ သောင်းကျော်အထိ စျေးထိုးတက်ခဲ့ပြီး အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း ရန်ကုန်ရွှေကုန်သည်များက ပြောဆိုကြသည်။

မတ်လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးနှုန်းသည် စံချိန်တင်အဖြစ် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၂၂၂ အထိ စံချိန်ချိုးမြင့်တက်သွားခဲ့ကြောင်း၊ မြန်မာ့ရွှေစျေးမှာလည်း ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနှင့်အတူ မီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၂ သိန်း ၄ သောင်းကျော်အထိ စျေးထိုးတက်ခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ ရွှေစျေးမတက်ရေး ခြိမ်းခြောက် ထုတ်ပြန်ချက်နှင့် ရွှေအသင်း၏ သတိပေးချက်များကြောင့် စျေးကွက်တွင် အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း သိရှိရသည်။

“ကမ္ဘာ့စျေးတက်တော့ မြန်မာ့ရွှေလည်းလိုက်တက်တယ်။ မနေ့က ၄၂ သိန်းခွဲလောက်အထိကို စျေးတက်တာ။ ဒါပေမယ့် အရောင်းအဝယ်မလုပ်ရဲကြဘူး။ အဓိက ဖြစ်နေတာက အရေးယူမယ် ခြိမ်းခြောက်တော့ ကုန်သည်တွေ လည်း ပျောက်နေတယ်။ အရွက်စျေး (အမေရိကန်ဒေါ်လာ) ကတော့ ၃၆၆၀ နဲ့ ၃၇၀၀ အကြားထိ စျေးရှိနေတယ်။ တကယ်တမ်း ရွှေစျေးက ၄၃ သိန်းကျော်လောက်ရှိနေရမှာဖြစ်ပေမယ့် စျေးကွက်ပျောက်နေလို့ ရွှေစျေး ထိုးမတက်နိုင်ဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

အခြားတစ်ဖက်တွင်လည်း ဓာတ်ဆီစျေးနှုန်းများသည် ယမန်နေ့ စျေးနှုန်းထက် တစ်လီတာလျှင် ငွေကျပ် ငွေကျပ် ၆၀ ကျော် မြင့်တက်သွားကြောင်း ၊ ယမန်နေ့ ဓာတ်ဆီ 92 တစ်လီတာ ငွေကျပ် ၂၇၃၀ ကျပ်မှ ယနေ့တွင် ငွေကျပ် ၂၇၉၅ ကျပ်သို့လည်းကောင်း၊ ယမန်နေ့ ဓာတ်ဆီ 95 တစ်လီတာလျှင် ငွေကျပ် ၂၈၄၅ ကျပ်သာရှိရာမှ ယနေ့တွင် ငွေကျပ် ၂၉၀၀ ကျပ်သို့လည်းကောင်း အသီးသီးမြင့်တက်သွားကြောင်း ၊ စက်သုံးဆီဆိုင်တချို့တွင် ဆီပြတ်လပ်နေကြောင်း သိရှိရသည်။ “တချို့ဆိုင်တွေ 92 မရ ၊ 95 မရတာတွေတော့ ဖြစ်နေတယ်။

စျေးတွေ တက်တာကြောင့်လည်းပါမယ်ထင်တယ်။ ဆိုင်တိုင်းတော့မဟုတ်ဘူး။ ဆိုင်တချို့ပဲ ဖြစ်နေတာပါ” ဟု ရန်ကုန်မှ တက္ကစီအငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။ ဓာတ်ပုံ- ရန်ကုန်မြို့ ရှိ မက်စ် စက်သုံးဆီအရောင်းဆိုင်တွင် ကြေညာထားသည့် ယနေ့ စက်သုံးဆီစျေးနှုန်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *