ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဂေါက်ရိုက်ပွဲကို ပြင်းအားမြင့် မိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု ဒုဗိုလ်မှူးကြီးအပါအဝင် စစ်အရာရှိ ၇ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးဟု ရန်ကုန်ပကဖ ပြောဆို
ရန်ကုန်၊ မတ် ၂၃
ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း စစ်အရာရှိကြီးများ၏ ဂေါက်ရိုက်ပွဲကို ပြင်းအားမြင့် မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီးအပါအဝင် စစ်အရာရှိ ၇ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးကြောင်း ရန်ကုန်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီး ရိုက်ကစားနေသည့် ဂေါက်ကွင်းနေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် အောင် မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ ကစထ ၅ မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ အပါအဝင် စစ်အရာရှိကြီးများ တက်ရောက်မည်ဟု သတင်းရရှိသဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ကြပ်ကြီး ၄ ဦး၊ ရဲဘော် ၇ ဦးနှင့် စည်ပင် ၂ ဦးစုစုပေါင်း ပွဲချင်းပြီးသေဆုံးကြောင်း သိရှိရသည်။
ထို့ပြင် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေးအဆောက်အဦတစ်ခုမီးလောင်ပျက်စီးကြောင်း၊ နားနေဆောင် ကင်းတဲထဲတွင် ချန်ရစ်ထားခဲ့သည့် လက်နက်နှင့်ကျည်များပါ မိုင်းပေါက်ကွဲမှုကြောင့် မီးလောင်သွားကြောင်း၊ ဂျန်နရေတာတစ်လုံးလည်းမီးလောင်ပြီး ရန်ကုန်တိုင်းခန်းမဆောင်အမိုးပျက်စီးကြောင်း သိရှိရသည်။
“ဒီသတင်းကို အထူးလျှို့ဝှက်ခိုင်းထားတဲ့အပြင် ဂျန်နရေတာအပူလွန်ကဲပြီးပေါက်တာဟု တပ်တွင်းသတင်းလွှင့်ထားပါတယ်။ မိုင်းပေါက်ကွဲသံကြားရတာကိုလည်း ပြည်သူတွေဘက်က အတည်ပြုထားနိုင်ပါတယ်” ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ကို စစ်တပ်သတင်းရင်းမြစ်တစ်ခုမှ တစ်ဆင့် ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ခဲ့ပြီး သေဆုံးထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ စစ်တပ်သတင်းရင်းမြစ်ထံမှ အတည်ပြုချက် မရရှိသေးပေ။
ဓာတ်ပုံ- ရန်ကုန်ရှိ ဌာနဆိုင်ရာရုံးတစ်ခုကို လုံခြုံရေးစောင့်နေသော အကြမ်းဖက် စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Lynn Bo Bo