ငပုကိုကျတော့ ဂုဏ်ပြု သဝဏ်လွှာမပို့ကျဘူနော်

ငပုကိုကျတော့ ဂုဏ်ပြု သဝဏ်လွှာမပို့ကျဘူနော်

စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ချေမှုန်း သိမ်းပိုက်နိုင်မှု သမိုင်းတွင်သော အောင်ပွဲအဖြစ် နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးတပ်ဖွဲ့များကို အရပ်ဘက်အဖွဲ့ ၂၅၉ ခုက ဂုဏ်ပြု သဝဏ်လွှာပေးပို့

ဩဂုတ် ၈

အကြမ်းဖက်စစ်တပ်၏ အမိန့်ပေးစနစ်အောက်မှ သက်တမ်း ၅၀ ကျော် ရှိနေပြီဖြစ်သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြောက်ပိုင်းမဟာမိတ်နှင့်ပူးပေါင်းအင်အားစုများက ချေမှုန်းသိမ်းပိုက်နိုင်မှုသည် သမိုင်းတွင်သော အောင်ပွဲဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးတပ်ဖွဲ့များကို အရပ်ဘက်အဖွဲ့ ၂၅၉ ခုက ဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်း၏ အမိန့်ပေးစနစ်အောက်မှ ၅၈ နှစ် သက်တမ်းရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြောက်ပိုင်းမဟာမိတ်နှင့် ပူးပေါင်းအင်အားစုများက ချေမှုန်း သိမ်းပိုက်နိုင်ခြင်းနှင့် ဗျူဟာမြောက် မြို့သိမ်း တိုက်ပွဲများသည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ၏ ပူးပေါင်းစွမ်းအားဖြင့် စစ်အာဏာရှင်အဆက်ဆက်က တိုင်းရင်းသားလူမျိုးစုများကို အကြမ်းဖက် ဖိနှိပ်ရန် အသုံးချနေသည့် စစ်ယန္တရားအစိတ်အပိုင်းများကို ချေမှုန်းဖြိုဖျက်နိုင်သည့် မှတ် ကျောက်အဖြစ် သမိုင်းတွင်သော အောင်ပွဲအဖြစ် မှတ်တမ်းတင်အပ်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောသည်။

မဟာမိတ် အင်အားစုများ၏ စစ်ဆင်ရေးများတွင် အကြမ်းဖက် မင်းအောင်လှိုင်၏ စစ်ရာဇဝတ်ဂိုဏ်းက အမိန့်ပေးအသုံးချ စေခိုင်းနေသည့် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများကို နိုင်ငံတကာ စစ်စည်းကမ်း များအတိုင်း လိုက်နာဆက်ဆံသည့် နမူနာကောင်းများ ပြသနိုင်ခဲ့ခြင်းကိုလည်း အသိအမှတ်ပြု ကြိုဆိုကြောင်း အရပ်ဘက်အဖွဲ့များကပြောသည်။

အကြမ်းဖက် မင်းအောင်လှိုင်စစ်အုပ်စု၏ ၂၀၂၁ ဖေဖော်ဝါရီလတရားမဝင် အာဏာသိမ်းကြိုးပမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံအဝှမ်း CDM အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှုများနှင့် လူထုလူတန်းစား အရပ်ရပ်၊ အင်အားစုအသီးသီး၏ ကြံ့ကြံ့ခံဆန့်ကျင်တော်လှန်လှုပ်ရှားမှုများကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုအသီးသီးက နိုင်ငံရေးအရ ရပ်တည်ပံ့ပိုးခဲ့ကြကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသည့် အရပ်သားပြည်သူများအပေါ် စစ်အင်အားအလွန်အကျွံသုံး အကြမ်းဖက်နှိမ်နင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု အသီးသီးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများက ရသည့်နည်းလမ်း၊ ရှိသည့်ရင်းမြစ်များဖြင့် တစိုက်မတ်မတ် ပံ့ပိုးနေကြသည်ကို အရပ်ဘက်အဖွဲ့များက အသိအမှတ်ပြု ကျေးဇူးတင်သည်ဟု ပြောဆိုသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ MNDAA, TNLA, AA ၏ ၁၀၂၇ စစ်ဆင်ရေးနှင့်ဟန်ချက်ညီ ကရင်နီ တော်လှန်ရေး အင်အားစုများ၏ ၁၁၁၁ စစ်ဆင်ရေး၊ KNU/KNLA နှင့် မဟာမိတ်များ၏ ဒေသအလိုက် ပူးပေါင်းစစ်ဆင်ရေးများ၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ပူးပေါင်းမဟာမိတ်များ၏ ၀၃၀၇ စစ်ဆင်ရေး၊ အာရက္ခဒေသနှင့် တအာန်းဒေသ စစ်အုပ်စုကင်းစင်ရေး စစ်ဆင် ရေးများ၊ ဒေသအလိုက် ခုခံတော်လှန်လျက်ရှိသည့် LPDF/PDF များ၏ စစ်ဆင် ရေးများ စသည့် ဟန်ချက်ညီ ရဲဝံ့စွန့်စား စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်အုပ်စု၏ စစ်စခန်းပေါင်းများစွာကို ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ မင်းအောင် လှိုင်၏ အကြမ်းဖက်စစ်အုပ်စုအန္တရာယ်မှ ကင်းဝေးသော လွတ်မြောက် နယ်မြေများအဖြစ် ထူထောင်နိုင်ခဲ့ကြသည့် သမိုင်းမော်ကွန်းသစ်များအပေါ် အရပ်ဘက်အဖွဲများက ဂုဏ်ပြုထားသည်။

အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းကို ချေမှုန်းရန် ဆင်နွှဲရသည့် ခါးသည်းဖွယ်ရာ စစ်ပွဲများအောင်နိုင်ရေး အတွက် အရပ်ဖက်လူထုလူတန်းစား အင်အားစုအသီးသီး၏ ရဲဝံ့စွန်းစားသည့် အာဏာဖီဆန် လှုပ်ရှားမှုများ၊ ရင်းမြစ်များရှာဖွေ စုစည်းပံ့ပိုးထောက်ပံ့ကြသည့် အင်အားစုများ၊ စစ်ရာဇဝတ်ဂိုဏ်း၏ ကြည်း၊ ရေ၊ လေ အကြမ်းဖက်စစ်ဆင်ရေးများကြောင့် ထိခိုက်ဆုံးရှုံးကြရသည့် နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြသည့် အင်အားစုများ၊ အခြေခံကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ ပံ့ပိုးကြသည့်အင်အားစုများ၊ သတင်းအချက်အလက်များ လုံခြုံစွာ စုစည်း စီမံခန့်ခွဲ ဆက်သွယ်ပေးကြသည့် အင်အားစုများ၊ အရေးကြီး၊အရေးပါသည့် တော်လှန်ရေးမျက်နှာစာ အသီးသီးမှ အင်အားစုအသီးသီးကို ထပ်တူ အရပ်ဘက်အဖွဲ့များက ကျေးဇူးတင် ဂုဏ်ပြုထားသည်။

တော်လှန်ရေးမျက်နှာစာအသီးသီးတွင် အောင်ပွဲများရရှိလာမှုနှင့်အတူ သိမ်းပိုက်နယ်မြေများတွင် ပဋိပက္ခအနည်းဆုံးဖြစ်စေရေးနှင့် တော်လှန်ရေးတခုလုံး၏ အန္တိမရည်မှန်းချက်ဖြစ်သော လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လူမှုစီးပွား အခွင့်အရေးများ အပါအဝင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာမူဝါဒများနှင့် ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများ အပါအဝင် ဒေသခံလူမျိုးပေါင်းစုံ၏ အခွင့်အရေးများကို တန်းတူထား လေးစားဆက်ဆံ၍ အာမခံချက်ပေးရေးကို ဒေသခံပြည်သူများနှင့် အတူတကွ အလေးထားဖော်ဆောင်ရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်း သည်။

အထူးအားဖြင့် တော်လှန်ရေးအင်အားစုများ၏ ပင်မတာဝန်ဖြစ်သည့် စစ်ပွဲများကြောင့် အသက် အိုးအိမ်များ၊ သားသမီးမိဘ၊ မောင်နှမ၊ မိတ်ဆွေသူငယ်ချင်းများ ဆုံးရှုံးပျက်စီးကြရသည့် မိဘပြည်သူများအတွက် တရားမျှတမှုများ ပြန်လည်ဖော်ဆောင်ဖြည့်ဆည်းပေးကြရမည့် တာဝန်များကို မပျက်မကွက် တာဝန်ယူတာဝန်ခံ ဆောင်ရွက်နိုင်ကြရန် လေးနက်စွာ ဆန္ဒပြုတောင်းဆိုကြောင်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လူမျိုးကြီးဝါဒနှင့် မဟာဖိုဝါဒ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင် စု တည်ဆောက်ရေးများဖြင့် ပြည်သူများ၏ မူလအခွင့်အရေးများ ပြည့်ဝစေလျက် တရားမျှတ၍ လွတ်လပ်ငြိမ်းချမ်းသည့် လူမှုစီးပွားဘဝများကို အာမခံသည့် ရည်မှန်းချက်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်စေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက လှိုက်လှိုက်လှဲလှဲ ဆန္ဒပြု ဂုဏ်ပြုထားသည်။

+2

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *