ဝီဝီ ငပိကျော်စားရတော့မယ်

ဝီဝီ ငပိကျော်စားရတော့မယ်

စစ်တိုက်လျှင် သေကြေဘ၀ပျက်မည်ဖြစ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှူ အလံထောင်၍ မြို့များကို စစ်တိုင်းမှူးများက လှူဒါန်းကြရန် အမျိုး သားရေး အစွန်းရောက် ဝီရသူ တိုက်တွန်း

■ မင်းအောင်လှိုင်ကို မဘသနှင့် အမျိုးသားရေး အစွန်းရောက်များက လုံး၀ လက်မခံတော့သည့် အခြေအနေရောက်ရှိ

ရန်ကုန်၊ ဩဂုတ် ၉

စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ရှိ စစ်တိုင်းမှူးများအနေဖြင့် စစ်မတိုက်တော့ဘဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ကောင်းမှူ အလံထောင်၍ မြို့များကို လှူဒါန်းကြရန်၊ စစ်တိုက်လျှင် သေမည်ဖြစ်ပြီး တပ်မိသားစုများပါ ဘ၀ပျက်မည်ဟု အမျိုးသားရေးအစွန်းရောက် ဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။ ဩဂုတ်လ ၈ ရက်နေ့ တယ်လီဂရန်များမှ ဖြန့်ဝေနေသည့် အမျိုးသားရေး အစွန်းရောက် ဝီရသူ ၏ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ကောင်းမှူ တရားတော် ခေါင်းစဉ်ဖြင့် အမျိုးသားရေး အစွန်းရောက် ဝီရသူ ထိုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

“စစ်တိုင်းမှူးတွေကို ပြောချင်ပါတယ်။ ခင်ဗျားတို့တတွေက ကိုယ့်မြို့မကျရေး ၊ ကိုယ့်တပ်မကျရေး ခုခံကာကွယ်တာတော့ဟုတ်ပါတယ်။ အသက်စွန့်ပြီးတော့ တိုင်းပြည့်အတွက် ပေးဆပ်ချင်တဲ့စိတ်တွေနဲ့ ပေးဆပ်ဖို့ ဝန်မလေးတဲ့သူတွေဆိုတာလည်း ကျုပ်ကလက်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိထားရမှာက ခင်ဗျားတို့ရဲ့အဘ တကယ်စစ်တိုက်ချင်တာလား၊ တကယ်စစ်အောင်ချင်တာလား တကယ်စစ်နိုင်ချင်တာလား။

တကယ်တပ်တွေမြို့တွေကို လုံခြုံစေချင်တာလား ခင်ဗျားတို့ ပြန်စဉ်းစားဦး အမိန့်နာခံမှု သစ္စာနာခံမှုဆိုတဲ့ စစ်စည်းကမ်းတွေနဲ့ တသွေမတိမ်းလျှောက်လုပ်နေတယ်။ အဲဒီတော့ ခင်ဗျားတို့တင်မကဘူး။ ခင်ဗျားတို့ လက်အောက်က စစ်သားတွေပါ အကုန်သေကြရတာ။ စစ်သားတွေရဲ့ မိသားစုတွေပါ ဘ၀ပျက်ကြရတာ။ အသက်သေကြရတာ။ ခင်ဗျားတို့ အဘက ဝေသန္တရာ ဝင်စားလားမသိဘူး။ အလှူအတန်းတအားရက်ရောတာ။ တစ်မြို့ပြီး တစ်မြို့လှူနေတာခင်ဗျားတို့သိရဲ့လား။

ခင်ဗျားတို့အဘကို ခင်ဗျားတို့သေချာပြတ်ပြတ်သားသားမေး။ ဒီမြို့ကိုရော လှူဖို့ စာရင်းထဲပါသေးလား။ ပါတယ်ဆိုရင် ကျနော်တို့ ကြည်ကြည်ဖြူဖြူ လှူလိုက်ပါ့မယ်။ ကျနော်တို့ခုခံကာကွယ်နေတာက အဘရဲ့ အလှူဒါနကို အနှောင့်အယှက်ဖြစ်နေသလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုမျိုးဖြစ်နေတယ်” ဟု အမျိုးသားရေး အစွန်းရောက် ဝီရသူက ပြောဆိုထားသည်။ ထို့ပြင် စစ်တိုင်းမှူးများအနေဖြင့် အသေခံ၍ စစ်တိုက်မနေဘဲ မြို့ရွာများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှူ ဆိုသော အလံတော်ကြီး လွှင့်ထူ လှူဒါန်းသင့်ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းကို လှူဒါန်းမှုအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အလှူအဖြစ် ရောက်လေရာ ကြားလေရာ အရပ်မှ သာဓုခေါ်ဆို ရေစက်ချကြရစေလိုကြောင်း အမျိုးသားရေး အစွန်းရောက် ဝီရသူက ဆိုသည်။

“အဲဒီတော့ အဘရဲ့ အလှူဒါနမြောက်အောင် ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှူဆိုတဲ့ ကမ္ပည်းလေးထိုးပါရစေဗျာ။ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှူဆိုတာလေးကို တပ်ပြီး ကျနော်တို့ ဆုတ်ခွာပေးပါ့မယ် အဲဒီလိုပြတ်ပြတ်သားသားမေး။ အဲဒီ လို ပြတ်ပြတ်သားသားမမေးဘဲ လျှောက်တိုက်နေရင် ခင်ဗျားတို့ပဲ သေမှာ။ ကျုပ်ပြောတာ သေချာနားထောင်။ အဲဒီလို တိကျပြတ်သားတဲ့ အဖြေရလို့ ခင်ဗျားတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှူဆိုတဲ့ အလံတော်ကြီးကို ကမ္ပည်းထိုးလိုက်တဲ့အခါ ကျုပ်တို့ တတွေကလည်း ကြားလေရာ အရပ် ရောက်လေရာ ဒေသကနေပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ရေစက်ချပေးပါ့မယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်မြောက်ပိုင်း လှူဒါန်းရတဲ့ ကုသိုလ်ကောင်းမှူကြောင့် ဒုက္လခပ်သိမ်း ချုပ်ငြိမ်းရာအမှန် နိဗာန်သို့ အမြန်ရောက်ရှိပါစေလို့ဆုတောင်းပြီးတော့ ရေစက်ချပေးမယ်နော်” ဟု ဝီရသူက ဆိုသည်။ ဩဂုတ်လ ၃ ရက်နေ့တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA ဦးဆောင်သော တော် လှန်ရေးတပ်များက သိမ်းပိုက်ပြီးချိန်မှစတင်၍ မဘသနှင့် အမျိုးသားရေး အစွန်းရောက်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရာထူးမှ နုတ်ထွက်ပေးရန်၊ စစ်ရေး အနိုင်ရလိုစိတ် ပြင်းထန်သော စစ်ခေါင်းဆောင်ဖြင့် အစားထိုးရန် တောင်းဆိုမှုများ ကျယ်လောင်လာကြောင်း စုံစမ်းသိရှိရသည်။ “မင်းသားလုပ်ပြီး ကနေတယ်။ စည်းနဲ့ဝါးတော့ နားမလည်။ ချိုမိုင်မိုင်သာ တတ်သူရယ် အမြန်ဆင်းတော့ကွယ်”ဟု စစ်အရာရှိဟောင်း ကျော်ဇေယျက ဩဂုတ်လ ၄ ရက်နေ့တွင် လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အလားတူ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက စစ်တပ်ထောက်ခံသော ပို့စ်များ တင်လာသော စစ်သမီးအကောင့်ပိုင်ရှင်က မန္တလေးကို မကြာမီ PDF များက တိုက်ခိုက်တော့မည်ဖြစ်ပြီး မန္တလေးကျလျှင် မင်းအောင်လှိုင် ဆင်းသင့်ပြီဖြစ်ကြောင်း လူမှုကွန်ရက်တွင် ယနေ့ ရေးသားထားသည်။ (အမျိုးသားရေး အစွန်းရောက် ဝီရသူ ပြောကြားမှုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် နားထောင်နိုင်ပါသည်။)ဓာတ်ပုံ- ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင်က ဝီရသူကို သီရိပျံချီဘွဲ့ ပေးအပ်နေစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *