လားရှိုးတွင် ယခုညပိုင်း အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး ဒုံးကျည်များ အပြန်အလှန် ပစ်ခတ်နေ (ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယခုညပိုင်း အပြန်အလှန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲများဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အပြန်အလှန်တွေ ပစ်နေကြပြီ။ ဒုံးကျည်တွေလည်းပါတယ်။ ဒုံးက ရှော့တိုက်ဒုံးတွေ ထင်တယ်။ တောက်လျှောက်ပဲ။ အခု ကျနော်တို့ အိမ်ထဲမှာ ဝပ်နေရတယ်။ တစ်ညလုံး ပစ်မယ့် ပုံရှိတယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်သံတွေ တောက်လျှောက်ပဲ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်များက လားရှိုးမြို့တွင်းရှိ အထိုင်တပ်များအတွင်းမှ ပစ်ခတ်မှုများသာ လုပ်ဆောင်နေပြီး တပ်ပြင်သို့ မထွက်ရဲကြောင်း၊ လားရှိုးမြို့ပြင်ဘက်သို့ အဓိက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ အသုံးပြုနေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ရှော့တိုက်ဒုံးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိနေကြောင်း သိရှိရသည်။
ရုပ်သံကြည့်ရန်