ခိုးဆိုးလုနှိုက် အနိုင်ကျင့် အဘနဲ့တူလိုက်ကြတာ

ရွှေဘိုတွင် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေလုသွားသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူစစ်အမည်ခံ ပျူစောထီး ၂ ဦးက နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေသားများ ခြိမ်းခြောက်ယူသွားမှုကို တော်လှန်ရေးအဖွဲ့များက သတင်းအချက်အလက်စုံစမ်း၍ နိုဝင်ဘာ ၂ ရက်နေ့တွင် ဓားပြတိုက်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဓားပြတိုက်ကာ ငွေယူသွားသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၂ ဦးကို နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် တော်လှန်ရေးအဖွဲ့များက ပူးပေါင်း၍ လုံးထွေးသတ်ပုတ်ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၂ ဦးသည် ရွှေဘို-ဆိပ်ခွန် ကားလမ်းမဘေးရှိ ဓာတ်ဆီဆိုင် နှစ်ဆိုင်ကို ဓားပြတိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ဖမ်းဆီးရာတွင် ပျူစောထီးများက လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်ဦးမှု ရယူနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် ပျူစောထီး ၂ ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းက စစ်ဆေးမေးမြန်းလျက်ရှိပြီး မတရား‌သော ပြစ်မှုအတွက် တရားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“မြို့ထဲထိ စွန့်စားဝင်ရောက်ပြီး လုံးထွေးသတ်ပုတ်ပြီး ဖမ်းခဲ့ရတာ။ သူတို့က လက်ပစ်ဗုံးနဲ့ ပစ်ပြီး ခုခံဖို့လုပ်ပေမယ့် ကျနော်တို့ လက်ဦးမှု ရယူဖမ်းဆီးနိုင်ခဲ့တယ်” ဟု ရွှေဘိုအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုအားမာန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖမ်းဆီးထားသူများမှာ ဇီးကုန်းလေးကျေးရွာတွင် နေထိုင်ကြသည့် အသက် ၅၀အရွယ်ရှိသူတစ်ဦး ရန်ကုန်တင်ဝင်း(အမည်ရင်းမဟုတ်ပါ)နှင့် အသက် ၃၄နှစ်အရွယ် မကွေးမင်းမင်း(အမည်အရင်းမဟုတ်ပါ)တို့ဖြစ်ပြီး ဓားပြမှုကို ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်။

“သူတို့ ဓားပြတိုက်ယူသွားတဲ့ ပိုက်ဆံတွေကိုတော့ ပြန်မရတော့ဘူး။ တရားခံတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်လိုက်ပြီ “ဟု ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါပြည်သူ့စစ် အမည်ခံ ပျူစောထီးများကို War Lord Defense Force SBDF B-4 C-2 ၊ Guardian Force SBDF B-4 C-1၊ ရွှေဘိုမြို့ပြပျောက်ကျား UGတပ်ဖွဲ့ နှင့် ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင် နယ်မြေခံပကဖ တို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *