ဒီနေ့တော့သတင်းကောင်းလေးတွေကြားရအုံးမယ် ခမ်းပါတ်

Update…ခမ်းပါတ်မြို့၊ နယ်မြေရဲစခန်း သိမ်းပိုက်ပြီးနောက် စစ်တပ်စခန်းကုန်းကိုပါ သိမ်းပိုက်နိုင်တော့မည်ဟုဆို

‌နိုဝင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်တပ်စခန်းကုန်းကိုပါ သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ထိုကဲ့သို့ ခမ်းပါတ်မြို့ နယ်မြေရဲစခန်းကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက်၊ စစ်ကောင်စီတပ်သည် Y130 ဂျက်ဖိုက်တာဖြင့် ယမန်နေ့ (နိုဝင်ဘာ၃ရက်)၊ ညနေ ၇နာရီခန့်တွင် ၂ကြိမ်နှင့် ယနေ့၊ နေ့လယ် ၁၁နာရီခန့်တွင် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

“မနေ့က မကြာဘူး။ လေယာဥ်သံကြားတာနဲ့ပထမအလုံးကချပြီးသွားပြီ၊ ရှောင်ချိန်မရှိဘူး။ ကိုယ့်နားသာကျရင် မလွယ်ဘူး။ ဒုတိယအလုံးက မိနစ်ပိုင်းပဲခြားပြီး ချပြီးပြန်သွားတာ၊ အသံတောင်မကြားလိုက်ရဘူး။ မနေ့ကတော့ ထိခိုက်မှုမရှိဘူး”ဟု ခမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက်မှ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

​ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ မနက် ၄နာရီအချိန်ခန့်တွင် ခမ်းပါတ်မြို့၊ နယ်မြေရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၈နာရီအချိန်ခန့်တွင် စခန်းသိမ်းနိုင်ခဲ့ကာ၊ စစ်တပ်စခန်းကုန်းကိုပါ ထပ်မံတိုက်ခိုက်နေ ခြင်းဖြစ်သည်။

ခမ်းပါတ်မြို့၊ နယ်မြေရဲစခန်းသည် ခမ်းပါတ်မြို့၏ မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိပြီး ရဲစခန်း၏တောင်ဘက် နှစ်ဖာလုံခန့်တွင် စစ်တပ်စခန်းကုန်းတည်ရှိသည်ဟု သိရသည်။

“ရဲစခန်းက သိမ်းပြီးပြီ၊ ရဲစခန်းကကောင်တွေက စခန်းစွန့်ပြေးပြီး စစ်တပ်ကုန်းပေါ်မှာ သွားပေါင်းတာ၊ အဲ့ဒါကို ထပ် တိုက်နေတာ၊ သိမ်းခါနီးနေပါပြီ၊ ဒီနေ့ကတော့ မြို့ထဲကိုပါ ဗုံးကြဲချသွားတယ်။ ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ယနေ့နေ့လယ်ပိုင်း စစ်ကောင်စီ၏ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် အမှတ်၂ရပ်ကွက်မှ နေအိမ်တစ်လုံးထိခိုက် ပျက်စီးသွားသော်လည်း၊ ပြည်သူများထိခိုက်မှုမရှိကြောင်းသိရသည်။

“လူစုစုမြင်ရာ ပစ်တော့မယ်ထင်တယ်။ ဘုရားကျာင်းမှာ တက်နေတဲ့သူတွေက လေယာဥ်သံကြားတော့ ထွက်ကြည့် ကြလို့ ကြဲချတာတဲ့၊ မြို့ထဲက အိမ်တစ်လုံးအမိုးတွေပေါက်သွားပေမယ့် လူတော့မထိဘူး”ဟု ခမ်းပါတ်မြို့အမှတ်(၂)နေ ပြည်သူတစ်ဦးကပြောသည်။

လက်ရှိတွင် ကလေးမြို့နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေရာ ခမ်းပါတ်ပြည်သူများအနေဖြင့် အနီးအနားကျေးရွာများနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့်ဝေးသည့် မြို့တွင်းရပ်ကွက်များတွင် စစ်ရှောင်နေကြရသည်ဟု စုံစမ်းသိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *