လောက်ကိုင်မြို့ မကြာခင်ဆို့အောက်တော့မည်

လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်မည့်ရက်ရောက်တော့မည်ဟု MNDAA စာထုတ်အသိပေး

ရန်ရန်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) အနေဖြင့် လောက်ကိုင်မြို့ကို ဝိုင်းရံထားနိုင်သည့် အနေအထား ရောက်ရှိလာပြီး လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်မယ့်ရက် ရောက်ရှိလာတော့မည်ဟု နိုဝင်ဘာ ၁၄ရက်တွင် စာထုတ်ပြန်အသိပေးလိုက်သည်။

တရုတ်ဘာသာဖြင့် ထုတ်ပြန်သည့် စာကို MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဘာသာပြန်ရှင်းပြပေးခြင်းဖြစ်သည်။

လောက်ကိုင်မြို့ကို ဝင်သိမ်းသည့် အချိန်၌ မလိုလားအပ်သည့် အရပ်သားထိခိုက်မှု သေဆုံးမှု မဖြစ်ပေါ်စေရန်အတွက် ယခုကဲ့သို့ အမိန့်စာထုတ်ပြန်ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

တပ်ဖွဲ့ဝင်အားလုံးက စစ်ဆင်ရေးစည်းကမ်း၊ မြို့ဝင်စည်းကမ်းကို တင်းကြပ်စွာ လိုက်နာပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကောင်းဆုံးဖြစ်အောင် ကာကွယ်သွားရန် စာတွင် ပါရှိကြောင်း ပြောသည်။

ထို့ပြင် လိမ်ညာလိမ်စား ကုမ္ပဏီများက ဖမ်းဆီးချုပ်နှောင်ထားသူများကို ကယ်ထုတ်ရန်၊ လိမ်ညာလိမ်စား လုပ်ငန်း များအား နောက်မှ ထောက်ခံထားသူများအား ပြင်းထန်စွာ ချေမှုန်းရန်၊ဖမ်းဆီးရမိသည့် လိမ်ညာလိမ်စားလုပ်ကိုင်သည့် ကုမ္ပဏီပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို သက်ဆိုင်ရာ ဌာနသို့ ပြန်အပ်နှင်းရန် အချက်များလည်း စာ၌ ပါရှိသည်။

စစ်သုံ့ပန်းမူဝါဒကို တင်းကြပ်စွာ လိုက်နာရန် နှင့် မြို့အတွင်းရှိ တရားဝင်စီးပွားရေးလုပ်ငန်းများကို အတက်နိုင်ဆုံးကာကွယ်ထိန်းသိမ်းပေးရန် အချက်များလည်း စာ၌ ဖော်ပြထားသည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

MNDAA အပါအဝင် ညီနောင်မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်က စတင်ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္နီ၊ နမ့်ခမ်းမြို့များကို ထိန်းချုပ်ထားနိုင်ပြီဟု အသိပေးထားသည်။

(၁၀၂၇ စစ်ဆင်​ရေးဖြင့် တစ်မြို့ပြီးတစိမြို့သိမ်း​နေ​သော ညီ​နောင်မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် ​လောက်ကိုင်မြို့သိမ်း​တိုက်တော့မည်ဖြစ်​ကြောင်းအသိ​ပေးစာ။ ဓါတ်ပုံ-The Kokang)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *