မိုးဗြဲ-ဖယ်ခုံရှိ ဗျူဟာကုန်း ၁ ခုနှင့် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ပြီဟု ကြေညာ

မိုးဗြဲ-ဖယ်ခုံရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း ၁ ခုနှင့် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ပြီဟု တော်လှန်ရေးတပ်ပေါင်းစု ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲ- ဖယ်ခုံရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း ၁ ခုနှင့် တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ဟု တော်လှန်ရေးတပ်ပေါင်းစုက ယနေ့ ကြေညာကြောင်း မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F)မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးဗြဲ၊ ဖယ်ခုံဒေသများ အတွင်းရှိ စစ်တပ် ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ စစ်တပ် ခြေကုပ်စခန်းများဖြစ်ကြသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများအတွင်းရှိ တပ်စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က လက်နက်ကြီးဖြင့် အကြိမ်ရေ ၅၀၀ ကျော်ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်းရှိ အရပ်သား (၄) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မိုးဗြဲတွင် ၁ နှစ်ကျော်ကြာ စက်တော်ရာတောင်ကုန်းတွင်နေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ ၅၁၈ တပ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အဆိုပါ စက်တော်ရာတောင်ကုန်းသည် ရန်သူစစ်ကောင်စီ၏ ပင်မ စစ်ရေးအချက်အချာနေရာတစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

မိုးဗြဲတွင် ၁၁.၁၁ စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှနိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တရက်တည်းတွင် စစ်ကောင်စီ၏ လွိုင်လင်လေးတပ်က လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၁၅ ကြိမ်နှင့် ဖယ်ခုံတပ်က အကြိမ်ရေ (၅၀) ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်းတွင် စစ်ကောင်စီတပ်သားများသည် လက်နက်ခဲယမ်းများကို စွန့်ပြေးကာ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်ကြ သောကြောင့် မဟာမိတ်တော်လှန်ရေးအင်အားစုများမှ နယ်မြေ ရှင်းလင်းရေးနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးထိန်းသိမ်းထားမှု အခြေအနေများကို စစ်ဆင်ရေး ပြီးဆုံးသည့်အချိန်တွင်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ မိုးဗြဲ ဖယ်ခုံဒေသတွင် တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁) တပ်ရင်းများဖြစ် ကြသော (၁၀၀၁) တပ်ရင်းMB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄) PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၂၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22 နှင့် မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F) အပါအဝင် တော်လှန်ရေးအင်အားစုများက မိုးဗြဲ ၁၁.၁၁ (MB11.11) စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *