ပုဂ္ဂလိကဘဏ်များ ငွေထုတ်ပေးမှု ပြန်လည် ကန့်သတ်လိုက်မှု နောက်ဆက်တွဲ ရွှေစျေးနှင့်ဒေါ်လာစျေး

ပုဂ္ဂလိကဘဏ်များ ငွေထုတ်ပေးမှု ပြန်လည် ကန့်သတ်လိုက်မှု နောက်ဆက်တွဲ ရွှေစျေးနှင့်ဒေါ်လာစျေး ပြန်တက်၊ ရွှေစျေး ၃၇ သိန်း ၉ သောင်းနှင့် အမေရိကန်တစ်ဒေါ်လာ ၃၅၀၀ စျေးပေါက်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ပေးမှုကို ယနေ့မှစတင်၍ ပြန်လည် ကန့်သတ် လိုက်သည့်အတွက် နောက်ဆက်တွဲအနေဖြင့် ရွှေစျေးနှင့်ဒေါ်လာစျေးများ ပြန်လည်မြင့်တက်လာကြောင်း ရွှေကုန်သည်တချို့က ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်များအားလုံးတွင် လူပုဂ္ဂိုလ် ငွေစာရင်း( Special Account နှင့် Old Account ခွဲခြားခြင်းမရှိ) မှ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ (တချို့ဘဏ်များ တစ်ပတ်လျှင် ၁၀ သိန်းကျပ်) ၊ ကုမ္ပဏီငွေစာရင်းများမှ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀၀ ထုတ်ပေးမည်ဟု ပြန်လည် ကန့်သတ်လိုက်ကြောင်း သိရှိရသည်။

” ငွေထုတ်တဲ့သူ အရမ်းများနေလို့ ခဏ ယာယီ ကန့်သတ်တာလို့ ဘဏ်ဘက်က ပြောတယ်။ လာမယ့်အပတ်လောက် ငွေထုတ်သူ နည်းသွားရင် လိုသလောက်၊ ကြိုက်သလောက်ပြန်ထုတ်ခွင့်ပေး နိုင်တယ်ပြောတယ်။ ဒီနေ့ တန်းစီရတာ တိုကင်နဲ့ လူအရမ်းများလို့ သိန်း ၂၀ တောင်မရခဲ့ဘူး။ ဘဏ်မှာ ငွေကုန်နေတယ်လည်းပြောတယ်” ဟု ဧရာ၀တီဘဏ်တွင် ငွေထုတ်ခဲ့သည့် ပြည်သူတစ်ဦးက ဆိုသည်။

တိုက်ပွဲများဖြစ်ပွားနေပြီး မတည်မငြိမ်ဖြစ်နေသော စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပုဂ္ဂလိကဘဏ်များမှာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းပြီး ဝန်ထမ်းများကို လစာ ၂ လစာပေး၍ အလုပ် မလာခိုင်းတော့ကြောင်း၊ ယင်းသတင်းကြောင့် ပုဂ္ဂလိကဘဏ်များမှ ငွေလာထုတ်သူများပြားလာပြီး မိမိတို့ငွေကြေးများ ပြန်လည်ထုတ်ယူရန် အလုအယက် တိုးဝှေ့နေကြခြင်းဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်ရှိ ဘဏ်များမှ ငွေများကိုလည်း စစ်ကောင်စီက သိမ်းယူ၍ ရွှေ့ပြောင်းနေကြောင်း သိရှိရသည်။

ယင်းကဲ့သို့ဘဏ်များက ငွေထုတ်ပေးမှုများ ပြန်လည်ကန့်သတ်သည့်အတွက် ရွှေစျေးကွက်တွင် ဒေါ်လာစျေးနှင့် ရွှေစျေးနှစ်မျိုးစလုံး မြင့်တက်နေကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။

“ရွှေစျေးက မီးလင်းရွှေ(၁၆ပဲရည်) တစ်ကျပ်သား ၃၇ သိန်း ၇ သောင်းကနေ ၃၇ သိန်း ၉ သောင်းအကြား ပြေးနေတယ်။ ကမ္ဘာ့ရွှေစျေးလည်း တက်နေတယ်။ တစ်အောင်စ ဒေါ်လာ ၁၉၈၆ ။ တေ့တေ့ဆိုင် ကိုယ်ဝယ်ရင် တစ်ကျပ်သား ၃၈ သိန်းကျော်လောက်ပေးရမယ်။ ဒေါ်လာ ၃၅၀၀ ။ အရွယ်ဝယ်ချင်ရင်တော့ စျေးပိုပေးဝယ်ပဲ။ ဘဏ်တွေက ငွေကန့်သတ်လို့ စျေးတွေ ပြန်တက်တာ။ မနေ့က ရွှေစျေးကွက်ပိတ်တာ ၃၇ သိန်းနဲ့ ပိတ်တယ်။ ဒီနေ့တော့ ၁ သိန်းနီးပါး ထပ်တက်တယ်။ စနေ၊ တနင်္ဂနွေတော့ အတက်ပြတယ်။ ငွေတွေ အကန့်အသတ်နဲ့ ထုတ်ပေးတာ ရပ်သွားရင်တော့ ပြန်တည်ငြိမ်မှာပေါ့” ဟု ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *