စခနဲ့ ရခ အင်အား ၂၀၀ ကျော် လက်နက်ချသတင်း(ရုပ်သံ)

စစ်သားနဲ့ ရဲ အင်အား ၂၀၀ ကျော် လက်နက်ချ

အောက်ဆုံးတွင်ရုပ်သံကြည့်ရန်

စစ်ကောင်စီအပေါ် တိုက်ခိုက်မှုတွေ တဟုန်ထိုးအရှိန်မြင့်လာချိန်မှာပဲ ၃ ရက်တာအတွင်းတပ်ရင်း တပ်ဖွဲ့လိုက် လက်နက်ချလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။

အဲဒီအရေအတွက်ဟာ နိုဝင်ဘာလ ၁၂ ရက်ကနေ နိုဝင်ဘာလ ၁၄ ရက်အထိဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ၊ မွန်ပြည်နယ် ကျိုက်မရော ၊ ကရင်နီ(ကယားပြည်နယ် ) လွိုင်ကော် နဲ့ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ကြတာပါ။

ကိုးကန့်ဒေသမှာဆိုရင် စစ်ကောင်စီရဲ့ လောက်ကိုင်အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၂၉ တစ်ရင်းလုံး ကိုးကန့်တပ် (MNDAA) ထံ လက်နက်ချတာဖြစ်ပါတယ်။

တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၆ ဦး လက်နက်ချရာမှာ မိသားစုဝင်တွေ ကိုပါ တပါတည်းခေါ်ဆောင်လာကြတယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ကျိုက်မရောနဲ့ လွိုင်ကော် ဘက်မှာပဲ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချတာလို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေရသိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက် ကျိုက်မရော မှာဖြစ်ပွားတဲ့ ချောင်းနှစ်ခွ တိုက်ပွဲမှာဆိုရင် စစ်ကူလာတဲ့ ဘားအံအခြေစိုက် တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းပိတ်ဆို့ ချေမှုန်းခံရပြီး ၂၈ ဦး လက်နက်ချခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အလားတူပါပဲ လွိုင်ကော်တက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရင်း နှစ်ခုကို ကရင်ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ တပ်ခွဲမှူး ဗိုလ်ကြီးဦးစီးပြီးလက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဖော်ပြပါတယ်။

ရခိုင်ဘက်မှာလည်း တိုက်ပွဲပြန်စဖြစ်တဲ့ နိုဝင်ဘာလ ၁၃ ရက်မှာ တင် ကျောက်တော်မြို့နယ် အပေါက်ဝ ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂၂ ဦး လက်နက်ချတယ်လို့ ရက္ခိုင့်တပ် (AA) က ဆိုပါတယ်။ အဲဒီနေ့မှာပဲ အခြားသော နေရာ ၂ ခုကလည်း ရဲ ၆ ဦး လက်နက်ချခဲ့တယ်လို့ AA ရဲ့ဖော်ပြချက်အရသိရပါတယ်။

ဒီလို တပ်ရင်းတပ်ဖွဲ့လိုက် လက်နက်ချတာတွေကို ကြုံနေရချိန်မှာပဲ စစ်ကောင်စီဘက်ကလည်း တပ်ထောက်ခံတွေကို မြို့ကြီးတွေမှာ တန်ပြန်ကျင်းပနေတာလည်းတွေ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *