မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာ တိုက်ပွဲပြင်းထန်နေ
တရုတ်− မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ် ၁၀၅ မိုင်အနီး ဒီနေ့မနက်ပိုင်းမှာ မြန်မာပြည်မြောက်ပိုင်းအခြေစိုက် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီးမှာ တိုက်ပွဲတွေဟာ နိုဝင်ဘာလ ၁၀ ရက်ကတည်း နေ့စဉ်ဖြစ်ပွားနေတာဖြစ်ပြီးဒီမနက်မှာတော့ ပြင်းထန်လာတယ်လို့ သိရပါတယ်။
” ဒီမနက် လက်နက်ကြီးသံတွေရော၊ ပေါက်ကွဲသံတွေရော ကြားနေရတယ် ၊မဟာမိတ်တွေက ၁၀၅ မိုင် စစ်တပ်ကုန်းကို သိမ်းဖို့လုပ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောသည်။
၁၀၅မိုင် ကုန်သွယ်ရေးဇုန်ဟာ မူဆယ်မြို့နဲ့ ၄ မိုင်ခန့် ဝေးပြီး တရုတ်နယ်စပ်နဲ့ ၇ မိုင်ခန့် အကွာမှာရှိပါတယ်။
“မူဆယ်ကနေ (၁၀၅)မိုင်ကို သွားမယ့်သူတွေ ပြန်လှည့်လာရတယ်၊ မူဆယ်မြို့ထဲက ဆိုင်တွေလည်း ပိတ်ထားတယ်”လို့ မူဆယ်မြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့အာဘော်တွေကို ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်အချို့မှာတော့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီး လွိုင်ကောင်းမှုတောင်ကုန်းက လုံထန်ပြည်သူ့စစ်စခန်းကုန်းနဲ့ ၁၀၅ မိုင် တပ်စခန်းကုန်းတွေ တိုက်ခိုက်ခံရတယ်လို့ ဖော်ပြတာတွေ့ရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ မူဆယ်မြို့အနီးက တရုတ်နယ်စပ်မျဉ်းတလျောက်မှာရှိတဲ့ ပန်းဆိုင်း၊ ဖောင်းဆိုင် ၊ မုန်းကိုးဒေသတွေကို သိမ်းယူထားပြီး စစ်ရေးအရ မူဆယ်ကို ခြိမ်းခြောက်ထားပါတယ်။