လာပီနော် မကွေးတိုင်းအလှည့် ပြည်သူတွေဘေးကင်းစွာဂရုပြုနေထိုင်ကြဖို့ နုကြည် ပန်ကြား

မကွေးတိုင်းမှာလည်း မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲတော့မယ်လို့ NUG အသိပေး

နိုင်ငံတဝန်း တိုက်ပွဲတွေ အရှိန်မြှင့်မှာမို့ ပြည်သူတွေ ဂရုပြုဖို့ NUG ပန်ကြား

နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာဒေသ၊ စစ်ကိုင်းတိုင်းထဲမှာ ယခု နိုဝင်ဘာလဆန်းက စတင်ပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲနေကာ အောင်မြင်မှု ရရှိနေချိန် မကွေးတိုင်းမှာလည်း မကြာခင် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)က ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်း အပါအဝင် နိုင်ငံတဝန်းမှာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ပြီး စစ်အုပ်စုကို အရှိန်မြှင့် တိုက်ခိုက်မှာမို့ ဒေသခံ ပြည်သူလူထု အနေနဲ့ တိုက်ပွဲတွေ အတွင်းမှာ ပြုမူနေထိုင်ရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို တိတိကျကျ လိုက်နာကြဖို့ အသိပေး ပန်ကြားလိုတယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာန (MoD) ပြောရေးဆိုခွင့်ရှိသူ၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

NUG ရဲ့ MoD အမှတ်(၁) စစ်ဒေသထဲမှာ ပါဝင်တဲ့ မကွေးတိုင်းမှာ စစ်အုပ်စု စခန်းတွေ တိုက်ခိုက်သိမ်းပိုက်တာ၊ နယ်မြေထိန်းချုပ် စိုးမိုးမှုရယူတာနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေကို မကြာခင် စတင် ဆင်နွှဲတော့မှာ ဖြစ်တယ်လို့ ဦးမောင်မောင်ဆွေက ဆိုပါတယ်။

“အမှတ်(၁) စစ်ဒေသထဲမှာ ပါတဲ့ စစ်ကိုင်းတိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလိုပါပဲ နောက်ထပ် တိုင်းတစ်ခု ဖြစ်တဲ့ မကွေးတိုင်းမှာလည်း စခန်းသိမ်း၊ နေရာသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွှဲသွားဖို့ ရှိပါတယ်။ တိုင်းရင်းသား ဒေသတွေမှာလည်း အဲဒီလိုတွေနဲ့ တဆင့်ချင်း ဆင်နွှဲနေကြပါတယ်။ တစ်နိုင်ငံလုံး အနှံ့မှာ စခန်းသိမ်း တိုက်ပွဲတွေ၊ နယ်မြေသိမ်း တိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲကြီးတွေ ပေါ်ပေါက်လာမှာ ဖြစ်တဲ့အတွက် ပြည်သူလူထု အနေနဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်စပ် ဝန်ကြီးဌာနတွေကနေ ထုတ်ပြန်ထားတဲ့ တိုက်ပွဲတွင်းမှာ ပြုမူနေထိုင်ရမယ့် အချက်တွေ၊ လိုက်နာရမယ့် အချက်တွေကို စနစ်တကျနဲ့ တိတိကျကျ လိုက်နာပေးကြဖို့ ပန်ကြားလိုပါတယ်”လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

နိုဝင်ဘာ(၃)ရက်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့ပါသေးတယ်။ အဲ့ဒီ မင်းရွာ ရဲစခန်းမှာ စစ်အုပ်စု လက်အောက်ခံ ဒု-ရဲအုပ် အေးမင်းစိုး ဦးစီးတဲ့ ရဲနှင့် ခြေလျင်တပ်ရင်း – ခလရ-၅၀ (ထုတ်နုတ်) ပူးပေါင်း အင်အား (၂၁)ယောက် ရှိတဲ့အနက် တိုက်ပွဲအတွင်း စစ်အုပ်စု ခြောက်ယောက် သေကာ (၁၁)ဦး လက်နက်ချ အညံ့ခံပြီး တချို့ထွက်ပြေးခဲ့ပါတယ်။ စခန်းသိမ်းခံရချိန် ထွက်ပြေးတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက လိုက်လံဖမ်းဆီးရာ ခြောက်ယောက် ဖမ်းမိပြီး အသက်ရှင်လျှင် လွတ်မြောက်သွားသူ တစ်ယောက်သာ ရှိတယ်လို့ MoD အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ဂန့်ဂေါနယ် မင်းရွာ ရဲစခန်းကို PDF ဂန့်ဂေါခရိုင် တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ မဟာမိတ်တွေ ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ Hyper UAV Forceနဲ့ မင်းရွာ ပကဖ တို့ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲ ညွှန်ကြားမှုအောက်မှာ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက မကွေးတိုင်းထဲ အင်အားနည်းတဲ့ စခန်းတွေကနေ ဆုတ်ခွာ ထွက်ပြေးပြီး တချို့စခန်းတွေမှာ ပူးပေါင်းကာ ခံစစ်အနေနဲ့ ပြင်ဆင်နေတာတွေ ရှိတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

NUG၊ MoDရဲ့ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်မှာ စစ်ကိုင်းတိုင်း၊ မကွေတိုင်းနဲ့ ချင်းပြည်နယ်တို့ ပါဝင်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်အနီးက တမူးနယ်၊ ခမ်းပတ်မြို့တို့ကို တော်လှန်ရေး တပ်တွေက နိုဝင်ဘာ(၆)ရက်နဲ့ (၇)ရက်မှာ အသီးသီး တိုက်ခိုက် သိမ်းပိုက်ထားသလို ချင်းပြည်နယ် မြောက်ပိုင်းက ရိဒ်ခေါဒါရ်မြို့ကိုလည်း နိုဝင်ဘာ(၁၃)ရက်မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ရာဇဂြိုလ် ရဲဘက်စခန်း နှစ်ခု အပါအဝင် စစ်အုပ်စု စခန်းလေးခုကိုလည်း နိုဝင်ဘာ(၃)ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကိုင်းတိုင်း အထက်ပိုင်းက ထီးချိုင့်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက မြိုသိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်အုပ်စုဘက်ကလည်း မြို့မကျဖို့ မြေပြင်အပါအဝင် လေကြောင်းပစ်ကူ သုံးပြီး ခုခံနေဆဲ ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *