မြို့တော်ရန်ကုန် အကြီးကျယ်ပွဲကြမ်းသွားပြီ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ ည ဗုံး ၂ လုံးပေါက်ကွဲပြီးနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများဖြစ်ပွားကြောင်း မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဗုံး ၂ လုံးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲပြီးနောက် ထွေ/အုပ်ရုံး လုံခြုံရေး တပ်စွဲထားသော စစ်တပ်က လမ်းမဘက်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ဒီည ၇ နာရီ ၂၉ မိနစ်မှာ မြောက်ဥ ကလာပ ထွေအုပ်ရုံးမှာ ဗုံး ၂ လုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်တယ်။ အဲဒီနောက် ရုံးစောင့် စစ်တပ်က လမ်းမဘက်ကိုသေနတ်တွေနဲ့ လှမ်းပစ်တယ်။ ဗုံးကွဲသံကလည်း အရမ်းကို ကျယ်ပါတယ်။ သေနတ်ကတော့ ၄ ချက်၊ ၅ ချက် ဆက်တိုက်ပစ်တာ” ဟု မြောက်ဥက္ကလာပမြို့နယ်ထွေ/အုပ်ရုံးအနီးနေထိုင်သူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

ယင်းနောက် စစ်တပ်က မြောက်ဥက္ကလာပမြို့နယ် အဝင်အထွက်များကို ဂိတ်ချစစ်ဆေးနေပြီး ဈဈေး အနားရှိ အဓိက လမ်းမကြီးကို ပိတ်ချ စစ်ဆေးကြောင်း သိရှိရသည်။

အလားတူ မြောက်ဒဂုံမြို့နယ်တွင်လည်း ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်က အလွန်ကျယ်လောင်သော ဗုံးပေါက်ကွဲသံကြားရကြောင်း မြောက်ဒဂုံနာရေးကူညီမှုအသင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

“ပေါက်ကွဲသံက မြောက်ဒဂုံဘက်ကလို့တော့ ထင်တာပဲ။ မြောက်ဥက္ကလာအ၀ိုင်းဘက်နဲ့လည်း ကျနော်တို့က နီးတော့ ဘယ်မြို့နယ်ထဲပေါက်လဲ တော့ သေသေချာချာမသိဘူး။ မိတ်ဆွေကားသမားတချို့ပြောတာ မြောက်ဒဂုံထဲမှာလည်း ဗုံးပေါက်တယ်ပြောတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ထို့အတူ အင်းစိန်မြို့နယ်တွင်လည်း ယနေ့ည ၈ နာရီ ၁၄ မိနစ်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း အင်းစိန်ဒေသပြည်သူတချို့က ပြောဆိုကြပြီး ပေါက်ကွဲသည့်နေရာကို မသိရသော်လည်း အင်းစိန်ထောင်အနီးနေထိုင်သူ ပြည်သူတချို့က ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ပြောဆိုကြသည်။

” ည ၈ နာရီကျော်ကျော်လောက်မှာ ဗုံးပေါက်သံကြားရပါတယ်။ အင်းစိန်စျေးနားနဲ့ အင်းစိန်ထောင်နားမှာတော့ တပ်နဲ့ရဲတွေ လှည့်ပတ်နေကြတယ်။ အင်းစိန် မီးသတ်ရှေ့နားမှာတော့ စစ်ဆေးတာတွေရှိတယ်” ဟု အင်းစိန်ထောင်အနီး နေထိုင်သူ ပြည်သူက ရှင်းလင်းပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*