ရေးဘီလူး5tingကွာ အထိခိုက်မရှိ အောင်မြင်ပါစေ

ရေးမြို့တွင်းမှာ ရေးဘီလူးအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သား ၂ဦးသေဆုံး

နိုဝင်ဘာ၊ ၂၄

မွန်ပြည်နယ်၊ ရေးမြိ့၊ ရန်မျိုးအောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်၊ နေ့လည် ၁နာရီ ဝန်းကျင်အချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေမှတဆင့် သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ရေးမြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သား ၄ ဦးထိခိုက်ဒဏ်ရာရှိကာ၊ ၂ ဦးကတော့ ‌ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုပြောဆိုပါတယ်။

“ကျွန်တော်တို့က သူတို့ရဲ့ ပွိုင့်ကားကို ပစ်ဖို့စောင့်နေတာ၊ သတင်းကပေါက်သွားတော့ သူတို့က ကျွန်တော်တို့ကို လာဝိုင်းတယ်၊ ကျွန်တော်တို့ကလည်း အဲ့နေရာကအထွက် သူတို့ကလည်း အဝင်ပေါ့နော်။ ကျွန်တော်တို့က သာမန်ပြည်သူတွေ သွားလာနေတဲ့အတိုင်း လှုပ်ရှားသွားလာရတာကြောင့် လက်နက်မရှိဘူးလို့ သူတို့ကထင်တာ၊ ကျွန်တော်တို့ကို လာစစ်ဖို့ ကားပေါ်က အဆင်း။ အဲ့ဒီလမ်းမပေါ် မြို့လယ်ခေါင်မှာပဲ ပစ်ကြတာ”

“ကျွန်တော်တို့ဘက်က လက်ဦးမှု ရတယ်ဗျ၊ သူတို့ဘက်က ၄ယောက် ကောင်းကောင်းထိတယ်၊ ၂ယောက်ကတော့ ဆေးရုံမှ သေသွားတယ်လို့ ပြည်သူတွေက တဆင့်ပြန်သိရတယ်”

“သူတို့ဘက်က ကားမောင်းသမားက ထွက်ပြေးသွားတယ်၊ ကျွန်တော်တို့ဘက်ကတော့ ဆိုင်ကယ်နဲ့ပဲ၊ ဆုတ်လမ်းကို အကောင်းဆုံး ဆုတ်ခွာနိုင်ခဲ့တယ်၊ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက်လည်း ဒဏ်ရာရတယ်၊ ဒဏ်ရာက ပြင်းထန်ပေမယ့် အသက် အန္တရာယ်တော့ မရှိပါဘူး” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “မောင်း” ကိုပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ရန်ကြီးအောင်ရပ်ကွက်ကို မနေ့ညက ကား ၅စီးနဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ဧည့်စာရင်း စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်မှာတော့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်အနီးအနားက လယ်ကွင်းတွေထဲအထိပါ လိုက်လံ စစ်ဆေးတာတွေ ပြုလုပ်လျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ အကုန်လုံးကြိုးစားပြီး တိုက်ပွဲဝင်နေပါတယ်၊ ကျွန်တော်တို့ကို မြို့သိမ်းဘာညာ လောက်ထိတော့ မတိုက်တွန်းပါနဲ့ဦး။ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် သင်ခန်းယူပြီး နောက်ပွဲတွေမှာ ဒီထက်ပိုပြီးကောင်းတဲ့ ရလာဒ်တွေရအောင် ပြင်ဆင်နေပါတယ်ဗျ” လို့ ၎င်းကဆက်ပြောပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ၂၀၂၁ တရားမဝင် စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပြည်သူဘက်မှ ရပ်တည်ကာ၊ ရေး ဒေသအတွင်း လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

Photo-ရေးဘီလူးFB(ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *