“ပုဏ္ဏားကျွန်းမြို့မဈေး နောက်ဆုံးရ အခြေအနေ”(ရုပ်သံ)

“ပုဏ္ဏားကျွန်းမြို့မဈေး နောက်ဆုံးရ အခြေအနေ”

▪️စစ်ကောင်စီ နေဗီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့မဈေး တစ်ခုလုံး မီးလောင်ပြကျသွား (ရုပ်သံ)

နိုဝင်ဘာလ ၂၄ ရက်

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည်ရန်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မဈေးဟာ စစ်ကောင်စီ နေဗီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဈေးတစ်ခုလုံး မီးလောင်ပြကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီကျော်အချိန်လောက်က လက်နက်ကြီးသံတွေ ထွက်ပေါပြီး နောက်ပိုင်း မြို့မဈေးမီးလောင်မှုဖြစ်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” နေ့လယ် ၂ နာရီကျော်လောက်မှာ လက်နက်ကြီးသံ သုံးလေးငါးချက်လောက် ကြားလိုက်ပါတယ်။ သိပ်မကြာဘူး မြို့မဈေးမီးလောင်နေတယ်။ နေဗီက ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ မီးလောင်တာ ထင်ပါတယ်။ အခု ဈေးတစ်ခုလုံး ပြကျသွားပါပြီ။ ဘာမှ မကျန်တော့ဘူး ” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မနေ့က ညနေကတည်းက စစ်ကောင်စီတပ်တွေ၊ နေဗီတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ဒီနေ့မှာ ဈေးကို ပိတ်ထားကြတာပါ။

လူတွေထိခိုက်သေဆုံးတာကို မသိရသေးပေမယ့် အဝတ်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ ကုန်လှောင်ရုံတွေ၊ စားသုံးဆီ စတာတွေ အားလုံး မီးလောင်ဆုံးရှုံးသွားပြီလို့ အဲဒီဒေသခံက ဆိုပါတယ်။

ဦးရာဇ်တောင်စေတီအနီး ကုလားတန်မြစ်ကမ်းမှာရှိတဲ့ နေဗီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မီးလောင်သွားတာလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ဦးရာဇ်တောင် မင်းကန်အနီးမှာရှိတဲ့ စစ်ကောင်စီ နေဗီက ပစ်ခတ်လိုက်တာပါ။ နှစ်ဖက်တိုက်ပွဲတွေမရှိဘဲ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ မြို့မဈေးကို ပစ်ခတ်လိုက်တာပါ။ ပြည်သူတွေကို ဦးတည်ပစ်ခတ်နေတာပါ။ ” လို့ ပြောပါတယ်။

မီးလောင်ပြီး နာရီဝတ်ကျော်မှ မီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းသတ်ခဲ့ပေမယ့် ဈေးတစ်ခုလုံးက မီးလောင်ပြာကျသွားပြီဖြစ်ပါတယ်။

မီးလောင်ဆုံးရှုံးသွားတဲ့ တန်ဖိုးတွေကို မသိရသေးပေမယ့် ပုဏ္ဏားကျွန်းမြို့မဈေးမှာတော့ ဈေးဆိုင်ခန်းပေါင်း ၁၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာ မနေ့က ညနေ ၈ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ရွှေဦးရာဇ်မိုးကုတ်ဘုန်းတော်ကြီးကျောင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲဒီကျောင်းမှာ စစ်ရှောင်လာတဲ့ အမျိုးသမီးတစ်ဦး ဦးခေါင်းမှာ ကျည်စထိမှန်လို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါသေးတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *