ပြည်သူ့စစ်ခေါင်းဆောင်ကို အသက်ရှင်လျက် PDF က ထိန်းသိမ်းထား (ရုပ်/သံ)

သတ်ခံလိုက်ရပြီလို့ တပ်ဘက်က ဝါဒဖြန့်ထားသူ ပြည်သူ့စစ်ခေါင်းဆောင်ကို အသက်ရှင်လျက် PDF က ထိန်းသိမ်းထား (ရုပ်/သံ)

နိုဝင်ဘာ ၂၄

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

PDF တပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာပြီး ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးမြင့်အောင်ကို သတ်လိုက်တယ်လို့ စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြနေပေမယ့် အသက်ရှင်နေသေးတယ်လို့ တမူး PDF ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က အသက် ၅၁ နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးမြင့်အောင်ကို ယနေ့အချိန်ထိ အသက်ရှင်လျက်ဖမ်းဆီးထားတယ်လို့ တမူးခရိုင် PDF တပ်ရင်း ၄ တာဝန်ခံက ဆိုပါတယ်။

နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက ဖြစ်ခဲ့တဲ့ တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာတိုက်ပွဲမှာ ဦးမြင့်အောင်အပါအဝင် ပြည်သူ့စစ် အဖွဲ့ဝင် ၅ ဦးကို PDF တွေဘက်က အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ပြန်လည်ခုခံတဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ဦးကိုသာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပြောပါတယ်။

PDF အဖွဲ့ထဲက အလင်းဝင်လာပြီး ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ၂ ဦးက တိုက်ခိုက်လို့ ဦးမြင့်အောင်အပါအဝင် ၃ ဦးသေဆုံးသွားပြီး တိုက်ခိုက်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခဲ့ကြတာပါ။

တမူးမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌလည်းဖြစ် ၂၀၁၀ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းဖြစ်သူ ဦးမြင့်အောင်နဲ့ အတူ ပြည်သူ့စစ် ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

တမူး PDF က ဖမ်းဆီးရမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးထဲမှာ စစ်ကောင်စီဘက်ကို အလင်းဝင်သွားတဲ့ PDF ရဲဘော်တဦးလည်း ပါဝင်ပါတယ်။

အဲ့ဒီပြည်သူ့စစ်အဖွဲ့ဝင်ကိုတော့ မိခင် PDFတပ်ရင်းကို ပြန်လွှဲပေးလိုက်ပြီး ဦးမြင့်အောင်နဲ့နောက်ထပ် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးကိုတော့ တပ်ရင်း ၄ မှာ အသက်ရှင်လျက် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *