ချင်းပြည်ရဲ့ (၇၅)ရာခိုင်နှုန်းကျော် ချင်းတော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီလို့ဆိုသတင်း(ရုပ်သံ)

ချင်းပြည် မြို့(၆)မြို့ကို သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ၊

ချင်းပြည် အဓိက မြို့(၈)မြို့မှာသာ စစ်အုပ်စု ကျန်ရှိတော့

ချင်းပြည်ရဲ့ (၇၅)ရာခိုင်နှုန်းကျော် ချင်းတော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီလို့ဆို

နိုဝင်ဘာ – ၂၆

ချင်းပြည် နေရာအနှံ့မှာ ချင်းတော်လှန်ရေးတပ်တွေက စစ်အုပ်စုကို ထိုးစစ်ဆင်ကာ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဖော်ဆောင်နေပြီး လက်ရှိမှာ မြို့(၆)မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ချင်း‌တော်လှန်ရေးတပ် ဦးဆောင်နေသူတွေက ပြောပါတယ်။

ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့တွေဟာ ဟားခါးမြို့နယ်အတွင်းက ဆူရ်းခွါ့မြို့ (Surkhua)၊ ဖလမ်းမြို့နယ်အတွင်းက ရိဒ်ခေါဒါရ်မြို့(Rihkhuadar)နဲ့ ဝေဘူလမြို့ (Webula)၊ မတူပီမြို့နယ် အတွင်းက မကွီးအိမ်နူးမြို့(Makuiimnu)နဲ့ လိုင်းလင်းပီးမြို့(Lailenpi)၊ ထန်တလန်မြို့နယ်အတွင်းက နှာရိန်းမြို့ (Hnaring) တို့ ဖြစ်ပါတယ်။

အဲ့ဒီ မြို့(၆)မြို့ကို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲကာ သိမ်းပိုက် ထိန်းချုပ်ထားပြီး ပြည်သူ အုပ်ချုပ်ရေးစနစ် စတင် နေပြီလို့ ဆိုပါတယ်။

အဲ့ဒီ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပြည်သူလူထု ဘ၀ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူသားချင်း စာနာထောက်ရေး၊ ကုန်သွယ်မှု အဆင်ပြေစေရေး စတဲ့ ‌‌‌‌အုပ်ချုပ်ရေး ယန္တရားကို ရေးဆွဲပြီးတော့ ဒေသတွင်း ပြည်သူတွေက ဦးဆောင်တဲ့ ပြည်သူအုပ်ချုပ်ရေးစနစ်နဲ့ စတင် လည်ပတ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး – CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ကျနော်တို့ ချင်းပြည်နယ်မှာ ရှိတဲ့ မြို့က (၆)မြို့ကတော့ ကျနော်တို့က ၀င်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ သူဟာသူ ရဲစခန်းတို့၊ တပ်ခန်းတို့ ပြန်ပြီးတော့ ရုပ်သိမ်းသွားတဲ့ဟာတွေ (၁၁)ခုလောက် အဲ့ဒီလို ရှိတယ်။ အဲ့ဒီနေရာတွေမှာ အခု ပြည်သူတွေက သူဟာသူ အုပ်ချုပ်ရေးက ဖော်ဆောင်နေကြတာ ရှိတယ်။ အခု လိုင်လင်းပီမြို့က ဒီနေ့ (နိုဝင်ဘာ-၂၄)မှာ သိမ်းတယ်။ ပြီးတော့ ဟိုတစ်နေ့ကပဲ ရိခေါ်ဒါရ်မြို့ကို သိမ်းတယ်ဆိုတော့ အဲ့ဒါလည်း ဒေသခံတွေ ကိုယ်တိုင် ဖော်ဆောင်တဲ့ အုပ်ချုပ်ရေးမျိုး၊ အုပ်ချုပ်ရေးကို ကျနော်တို့က ဆက်လက်ပြီးတော့ ခိုင်မာအောင် ပံ့ပိုးပြီးတော့ ဝိုင်းရံပြီးတော့ ဖော်ဆောင်သွားမှာပေါ့၊ အဲ့ဒါကနေတဆင့် ကျနော်တို့က အမျိုးသားအဆင့်၊ ချင်းပြည်အဆင့် ဆိုပြီးတော့ ပြည်နယ်အဆင့်ပဲ ခေါ်ခေါ်ပေါ့၊ အဲ့ဒီလိုမျိုး၊ အုပ်ချုပ်ရေးမျိုး၊ အစိုးရမျိုး ပေါ်လာအောင် တခါတည်း ကျနော်တို့က တွန်းနေတာ ဖြစ်ပါတယ်”

ချင်းတော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မြို့(၆)မြို့အပြင် ချင်းပြည်အတွင်းက ကျေးရွာနဲ့ စစ်စခန်း အများအပြား ကနေလည်း စစ်အုပ်စုတွေ ဆုတ်ခွာထွက်ပြေးနေပြီး လက်ရှိမှာ စခန်းသိမ်းတာရော၊ စစ်အုပ်စု ထွက်ပြေးတာရောကြောင့် ချင်းတော်လှန်ရေး တပ်တွေရဲ့ စိုးမိုးထိန်းချုပ်မှု ရောက်ရှိလာတဲ့ ကျေးရွာနဲ့ စစ်အုပ်စု စခန်း (၁၂)ခုအထိ ရှိတယ်လို့လည်း ချင်းတော်လှန်ရေးတပ် ဦးဆောင်နေတွေက ပြောပါတယ်။

ချင်ပြည်ထဲ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ပြီး သိမ်းပိုက်ထားတဲ့ စစ်အုပ်စု စခန်းတွေဟာ ထန်ထလန်မြို့ (Thlantlang) မြို့မရဲစခန်း၊ လုံးလဲန်ကျေးရွာ (Lungler) တပ်စခန်း၊ မကွီးအိမ်နူးမြို့ (Makuiimnu) ရဲစခန်းနဲ့ တပ်စခန်း၊ ဗါရ်းစခန်း(Vaar)၊ သီးဘွာလ်ကျေးရွာ (Tibual)တပ်စခန်း၊ လိုင်လင်းပီမြို့ (Lailenpi) တပ်စခန်း ၊ ထင်းရှူးစခန်း (Tuphei)၊ ရိဒ်ခေါဒါရ်မြို့ နဲ့ တီအိုချောင်း (Rih & Tio) တပ်စခန်း၊ ကနေဒီ (Kennedy) စခန်း၊ စုစုပေါင်း (၉)ခု ဖြစ်ပါတယ်။

တိုက်ခိုက်စရာ မလိုဘဲ စစ်အုပ်စု ထွက်ပြေးလို့ သမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်စခန်းနဲ့ကျေးရွာ (၃)ခုရှိပြီး ဝန်သိုးကျေးရွာ (Vuangtu) တပ်စခန်း၊ ဆာဘောင်သဲကျေးရွာ (Sabawngte) ရဲစခန်း၊ မှောင်လန် (Hmawngtlang) ရဲစခန်း တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအနေအထားအရ‌ ချင်းတော်လှန်ရေးတပ်တွေ အနေနဲ့ ချင်းပြည်နယ် တစ်ခုလုံးရဲ့ (၇၅)နဲ့ (၈၀)ရာခိုင်နှုန်းကြားကို သိမ်းပိုက်စိုးမို ထိန်းချုပ်ထားနိုင်လို့ ဆိုပါတယ်။

သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ‌ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးနိုင်ရေးအတွက် တော်လှန်ရေးတပ်တွေက တာ၀န်ယူပြီး ‌ဒေသခံ ပြည်သူတွေက ဖော်ဆောင်တဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်လာဖို့ ၀န်းရံပေးမယ်လို့ ချင်းအမျိုးသားတပ်ဦး – CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“အဓိကတော့ ချင်းတောင်မှာ စစ်ကောင်စီစခန်းက မြို့ပေါ်မှာပဲ ရှိတော့တယ်။ မြို့ပေါ်ဆိုတာကတော့ မြို့ကြီးတွေပေါ့၊ အခု ကျနော်တို့ သိမ်းနေတာတွေ မြို့နယ်အဆင့်။ မြို့ကြီးတွေကတော့ ကျန်သေးတာပေါ့။ အဲ့ဒီထဲမှာ ထန်တလန်ကတော့ အားလုံး သိပြီးတဲ့အတိုင်း ပြည်သူလူထုကလည်း မနေဘူး။ သူတို့ရယ် ကျနော်တို့ရယ် နှစ်ဖက်၊ မြေပြင်မှာ တပ်စွဲထားတဲ့ အနေအထားတွေ ရှိတယ်။ ဆိုတော့ အဓိကတော့ မြို့နယ်အဆင့် (၈)မြို့ကတော့ ကျန်သေးတယ်ပေါ့၊ အဲ့ဒီမှာ အုပ်ချုပ်ရေး ယန္တရားတွေက စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသ အားလုံးကတော့ ကျနော်တို့နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြည်သူလူထုနဲ့အတူ အဲ့ဒီလို အုပ်ချုပ်ရေး ဖော်ဆောင်ထားပြီးသား ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က ပြည်နယ်အဆင့် ပြောပြော၊ အမျိုးသားအဆင့် ပြောပြော၊ အစိုးရမျိုးတွေကို ဖော်ဆောင်နိုင်ဖို့ ဆက်လက်ပြီးတော့ ဖော်ဆောင်နေတာ‌ပေါ့။ ပြည်သူလူထု ဒေသတွင်း လုံခြုံရေး၊ လုံလုံခြုံခြုံနဲ့ နေထိုင်စားသောက်နိုင်ရေး၊ ပြီးတော့ အဲ့ဒီဒေသတွင်းက ပြည်သူတွေ တရားဥပဒေ စိုးမိုးရေး ကျနော်တို့က တာ၀န်ရှိတယ်လို့ ခံယူတယ်။ ပြည်သူလည်း အဲ့ဒီလိုပဲ ယုံကြည်တယ်။ အုပ်ချုပ်ရေး ဖော်ဆောင်တဲ့ အချိန်မှာ အဓိက ကတော့ ပြည်သူနဲ့အတူ အုပ်ချုပ်ရေးကို ကိုယ်ဟာကိုယ် ကျနော်တို့ ကိုယ်တိုင် ဖော်ဆောင်တဲ့၊ ဒေသခံကိုယ်တိုင် ဖော်ဆောင်တဲ့ အုပ်ချုပ်ရေးမျိုးကို ကျနော်တို့က ဒေသ အခြေအနေနဲ့ ဖော်ဆောင်မယ်။ ကျနော်တို့ကတော့ ကာကွယ်‌ရေးနဲ့ လုံခြုံရေးကို တရားဥပဒေ စိုးမိုးရေးအတွက် အဲ့ဒီလို ဆောင်ရွက်ပြီးတော့မှ အုပ်ချုပ်ရေးအတွက် ဖော်နိုင်ဖို့ စဉ်းစားတာ ဖြစ်ပါတယ်။ အခုက ဒေသတွင်းက ဖော်ဆောင်နေတာ ရှိတယ်။ အဲ့ဒါကို ကျနော်တို့က ပိုမိုကျစ်လစ်ခိုင်မာအောင်၊ ဆက်လက်ပြီးတော့ ၀န်းရံပြီးတော့ ဖော်ဆောင်သွားမယ်”

ချင်းအမျိုးသားကာကွယ်ရေးတပ် – CNDF က ၂၀၂၁ ဒီဇင်ဘာ ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ်အတွင်းက မြို့တစ်မြို့မှာတော့ ပြည်သူနဲ့ ရဲဘော် (၂၀၀၀)နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးပြီးတော့ အုပ်ချုပ်ရေး စတင်လည်ပတ်နေတယ်လို့ CNDF ပြန်ကြားရေး တာ၀န်ခံတစ်ဦးက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန် ပြည်သူတွေ ထွက်ပြေးကြပေမယ့် လက်ရှိမှာတော့ ချင်း‌‌တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ဒေသခံတွေ ပြန်လည်နေထိုင်ကြပြီလို့ ရိခေါ်ဒါရ်မြို့ခံ တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေကတော့ အကုန်လုံး ပြန်ကြပြီ။ ရွာထဲမှာပဲ အေးအေးဆေးဆေး နေလို့ရပြီ၊ ပြည်သူတွေကတော့ ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး။ အေးအေးဆေးဆေး နေလို့ရပြီ”

ချင်းပြည်နယ်မှာ ပြည်နယ်မြို့တော် ဟားခါး အပါအဝင် မြို့နယ် (၉)မြို့နယ် ရှိပြီး အဲ့ဒီမြို့နယ်တွေက ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်ဝမြို့နယ်တို့ ဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီ မြို့နယ်အဆင့် မြို့တွေမှာတော့ စစ်အုပ်စုက ဆက်လက် ကြီးစိုးထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *