ဒီသတင်းကမတင်ချင်ဆုံးသတင်းပဲ ဒါပေမဲ့အဖိုးတန်ရတနာတွေတွက်အလေးနီပြုကြမယ်

ကနီနယ် စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးတဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့ နာရေးကျင်းပ

နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာဘို့ရွာအနီး၊ ယာကြီး-ကလေးဝ လမ်းပေါ်က စစ်အုပ်စု အင်အား (၃၀)လောက် အထိုင်ချ တပ်စွဲထားတဲ့ လှိုဏ်ဂူစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲအတွင်း ကျဆုံးတဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့ နာရေးကို ဒိနေ့ နိုဝင်ဘာ(၂၆)ရက်မှာ ကျင်းပတယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီ ကနီနယ် စစ်အုပ်စု လှိုဏ်ဂူကုန်း စခန်းကို ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂)နဲ့ ကနီမြို့နယ် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး နိုဝင်ဘာ(၂၂)ရက်နဲ့ (၂၃)ရက်တွေမှာ နှစ်ရက်ကြာ စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးပြီး ကျဆုံးရဲဘော်တွေဟာ ကနီနယ်ခံတွေ ဖြစ်တဲ့ မောင်ညီညီထွေး (ခ)ဂျေဒေါင်ဂျုံး အသက် (၂၄)နှစ်နဲ့ မောင်မိုးထိအောင်(ခ)ယမ်ယမ် အသက် (၂၃)နှစ်၊ Salingyi Special Task Force-SSTF – ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၁၄)က ရဲဘော်သန်းတိုအောင် (ခ)ယက္ခ အသက်(၂၆)နှစ်တို့ ဖြစ်ပါတယ်။

“ကနီမြို့နယ် စကစ ဆက်သွယ်ရေး စခန်းသိမ်း တိုက်ပွဲ (နိုဝင်ဘာ-၂၂၊၂၃) ရက်များတွင် နွေဦးတော်လှန်ရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ကြသော သူရဲကောင်း ကြယ်နှစ်ပွင့် မောင်ညီညီထွေး (ခ)ဂျေဒေါင်ဂျုံး နှင့် မောင်မိုးထိအောင်(ခ)ယမ်ယမ် တို့၏ စျာပနကို မြို့နယ်(ပအဖ)အဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများမှ နိုဝင်ဘာ(၂၆)ရက်တွင် ပြုလုပ်ခဲ့ပါသည်” လို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ဖော်ပြပါတယ်။

ဒါ့အပြင် ကနီနယ် တိုက်ပွဲမှာ ရဲဘော် သန်းတိုအောင် (ခ) ယက္ခ ကျဆုံးခဲ့ရမှုအတွက် ဝမ်းနည်းကြောင်း Salingyi Special Task Force-SSTF – ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၁၄) ကလည်း ထုတ်ပြန်ထားပါတယ်။

“Salingyi Special Task Force-SSTF ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်(၁၄)မှ ရဲဘော်သန်းတိုအောင် (ခ) ယက္ခ သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိစေရေးတို့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်များ အခိုင်အမာ နေရာယူထားသည့် ကနီနယ် လာပို့ရွာအနီးက လှိုဏ်ဂူစခန်းသိမ်း တိုက်ပွဲအတွင်း နိုင်ငံနှင့် ပြည်သူ့အတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်တော်တို့ Salingyi Special Task Force – SSTF ယင်းမာပင်ခရိုင်တပ်ရင်း ၁၄၊၁၅ ရဲဘော်ရဲဘက်များမှ အာဇာနည် သူရဲကောင်းအဖြစ် ဦးညွှတ် အလေးပြု မှတ်တမ်းတင် အပ်ပါသည်။ ကျန်ရစ်သူမိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနှင့်အတူ ထပ်တူ ဝမ်းနည်း ကြေကွဲရပြီး ရဲဘော်လို ချင်တဲ့ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရေး? ဖက်ဒရယ်ဒီမိုကရေစီ ရရှိစေရေး တာဝန်များကို ကျွန်တော်တို့ ရဲဘော်များမှ ဆက်လက်၍ ကြိုးစား တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်ပါသည်” လို့ Salingyi Special Task Force – SSTF က ဖော်ပြပါတယ်။

အဲ့ဒီ ကနီမြို့နယ် ယာကြီး-ကလေးဝ လမ်းပေါ်က စစ်အုပ်စု လှိုဏ်ဂူစခန်းကုန်းကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးတပ်တွေ အနေနဲ့ လေးညအိပ်၊ သုံးရက် ချဉ်းကပ်ကာ တိုက်ခိုက်ခဲ့ရပြီး နိုဝင်ဘာ(၂၃)ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲကနေ စစ်အုပ်စု လက်နက်ငယ် တစ်လက်၊ ကျည်မျိုးစုံ (၂၅၀၀)ကျော်၊ ဗုံးသီး (၁၀၇)လုံး၊ Equipment တစ်ခု၊ ကျည်အိမ် နှစ်ခု၊ မိုင်း (၁၆) လုံး၊ အီနာဂါ လေးလုံးနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းပိုက် ရရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထက်ပါ ရဲဘော်သုံးဦး ကျဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်အုပ်စု အလောင်းတစ်လောင်းတွေ့ကာ ဒဏ်ရာရသူ (၁၅)ယောက် ဝန်းကျင် ရှိမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ စခန်းမကျဖို့ လေကြောင်းပစ်ကူပေးကာ ခုခံခဲ့ပေမယ့် စစ်အုပ်စုတွေ စခန်းကိုစွန့်ခွါ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ကနီနယ် စခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးတဲ့ တော်လှန်ရေး ရဲဘော် မောင်ညီညီထွေး (ခ)ဂျေဒေါင်ဂျုံး အသက် (၂၄)နှစ်နဲ့ မောင်မိုးထိအောင်(ခ)ယမ်ယမ် အသက် (၂၃)နှစ်တို့ရဲ့ နာရေးနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၁၄)က ရဲဘော်သန်းတိုအောင် (ခ)ယက္ခရဲ့ အုတ်ဂူ/Photo – CJ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *