မကြာခင်နောက်တစ်မြို့ Sold Out တော့မည်

ချင်းပြည် မြို့တော် ဟားခါးမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေ၊

ပထမနှစ်ရက်တာ တိုက်ပွဲအတွင်း စစ်အုပ်စု ခုနှစ်ဦး ထက်မနည်း သေ၊

အလင်းဝင်တဲ့ စစ်အုပ်စု တပ်သားတွေကို ငွေကျပ်သိန်း(၅၀)ချီမြှင့်ပြီး တော်လှန်ရေး ပြီးဆုံးချိန်အထိ နေထိုင်စားသောက်ရေး တာဝန်ယူမယ်လို့ဆို၊

ကိုသူ/MFP၊ နိုဝင်ဘာ – ၂၈

ချင်းပြည်ရဲ့ ပြည်နယ်မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ကို နို၀င်ဘာ(၂၆)ရက်‌‌က စတင်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေပြီလို့ ချင်းလဲန်းကာကွယ်ရေးတပ် – ဟားခါး CDF -HaKha က သတင်းထုတ်ပြန်ပါတယ်။

မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲ့က ဖော်ဆောင်နေတဲ့ Operation 1027 စစ်‌ဆင်ရေးနဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ချင်းပြည်မြို့တော် ဟားခါးမြို့ကို မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာ ဖြစ်တယ်လို့ CDF – Hakha က ဆိုပါတယ်။

နိုဝင်ဘာ(၂၆)ရက်က စတင် ဖော်ဆောင်တဲ့ အဲ့ဒီ ဟားခါးမြို့သိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု ခုနှစ်ယောက် ထက်မနည်း သေကာ ဒဏ်ရာရသူလည်း ရှစ်ယောက်ခန့် ရှိတယ်လို့ CDF -Hakha ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“Operation 1027 မှ အစပြုခဲ့သော စခန်းသိမ်း တိုက်ပွဲများကို ကြိုဆိုထောက်ခံသည့် အနေဖြင့် မိမိတို့ Chinland Defense Force – Hakha သည် Rung operation ပထမအဆင့် မြို့သိမ်း အကြိုတိုက်ပွဲကို ၂၀၂၃ နိုဝင်ဘာ (၂၆) ရက်တွင် စတင်ဖော်ဆောင်ခဲ့ပြီး ဖြစ်သည်။ အောက်တိုဘာ(၂၇)ရက်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့မှ စတင်ခဲ့သော Operation 1027 တစ်လပြည့်သည့် နိုဝင်ဘာ(၂၇)ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်ရေး အရှိန်မြှင့်ကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်ရန် တိုက်တွန်းချက်နှင့်အညီ Operation 1027 တွင် ပူပေါင်းပါဝင်သည့် အနေဖြင့် CDF-Hakha မှ ဟားခါးမြို့ပေါ်၌ တိုက်ပွဲများ ဆက်လက်ဆင်နွှဲခဲ့သည်။ ထိုနှစ်ရက်တာ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ ခုနှစ်ဦး ထက်မနည်း သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပါသည်။ ထို့အပြင် မိမိတို့ CDF-Hakha အနေဖြင့် နိုင်ငံရေးရည်မှန်းချက် တူညီသော တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဟန်ချက်ညီ တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်” လို့ CDF -Hakha က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စု လက်နက်ကိုင် တပ်သားတွေ အနေနဲ့ အလင်းဝင်ဖို့ တိုက်တွန်းထားပြီး လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ပါက ကျပ်သိန်း (၅၀)နဲ့ အထက် ဆုငွေ ချီးမြှင့်မယ်လို့လည်း CDF -Hakha က ဆိုပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်အုပ်စုတပ်သားတွေကို လူသားဆန်ဆန် ဆက်ဆံမှာ ဖြစ်ပြီး တော်လှန်ရေး ပြီဆုံးသည် အထိ စားဝတ်နေရေးနဲ့ ကျန်းမားရေး စောင်ရှောက်မှု ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အပြင် လုံခြုံတဲ့ နေရာမှာ နေထိုင်စေပြီး စောင့်ရှောက်ပေးမယ်လို့ CDF Hakha က ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *