ကဲလေဘဲတို့ရေ အဘကတော့လမ်းဖွင့်ပေးလိုက်ပီ

မိတ္ထီလာ လေတပ်စခန်းက စစ်မတိုက်ဖူးတဲ့ လေတပ်သား ၅၀၀ ရှမ်းမြောက် ချီတက်ဖို့ ပြင်ဆင်

နို၀င်ဘာလ ၃၀ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာ လေတပ်စခန်းက စစ်မြေပြင်မှာ စစ်မတိုက်ဖူးတဲ့ လေတပ်သား ၅၀၀ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ချီတက်ဖို့ ပြင်ဆင်နေတယ်လို့ ခိုင်မာတဲ့ လေတပ် သတင်းရင်းမြစ်က ပြောပါတယ်။

အစဥ်အလာအရ လေတပ် အနေနဲ့ မြေပြင် တိုက်ခိုက်ရေးတွေမှာ ပါ၀င်လေ့ မရှိပေမယ့် အင်အားပြုန်းတီးမှု အကြီးအကျယ် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ အနေနဲ့ တိုက်ခိုက်ရေး မဟုတ်တဲ့ လက်ရုံးတပ်တွေကို စစ်မြပြင် ပို့ဆောင်နေရာက အခု လေတပ်သားတွေကိုပါ စစ်မြေပြင် ပို့ဖို့ စီစဥ်နေတာလို့ ဆိုပါတယ်။

“လေတပ်မှာက လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဌာနက တပ်သားတွေကတော့ ပုံမှန် လေ့ကျင့်တာရှိတယ်။ တခြားဌာန အများစုကတော့ သေနတ်နဲ့ ကင်းကွာနေတာကြာပြီ။ အခု အင်အား ၅၀၀ အာမီ (ကြည်းတပ်) ကတောင်းတော့ ဌာနစုံက ထုတ်နုတ်ပြီး ပို့ဖို့ ပြင်ဆင်နေတယ်။ နာမည် စာရင်းက ထွက်ပြီ။ စစ်မြေပြင် လွှတ်မှာလား၊ မြို့လုံခြုံရေး လမ်းလုံခြုံရေးလား ဘယ်လိုတာ၀န်ပေးမလဲ ဆိုတာတော့ မသိရသေးဘူး” လို့ လေတပ် သတင်းရင်းမြစ်က ရှင်းပြပါတယ်။

တပ်အင်အား ၅၀၀ ထုတ်နုတ်ရာမှာ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ထောက်ပံ့ရေး ဌာနတွေသာမက လေယာဥ်ပြုပြင် ထိန်းသိမ်းရေးဌာနလို သေနတ်နဲ့ ‌‌ဝေးကွာတဲ့ ဌာနက တပ်သားတွေလည်း ပါ၀င်နေလို့ တပ်တွင်း ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

“ဘယ်သူမှ ရှေ့တန်း မထွက်ချင်ဘူး။ အာဏာသိမ်း ကတည်းက မိတ္ထီလာ ပတ်လည်က မလှိုင်၊ သာစည်၊ ၀မ်းတွင်း ဘက်တွေအထိ လေတပ်ကပဲ လုံခြုံရေး တာ၀န်ယူထားရတာ။ အခု တပ်သား ၅၀၀ ထုတ်နုတ်တယ် ဆိုတော့ လုံခြုံရေးအရ လစ်ဟာမှုတွေ အများကြီး ဖြစ်နိုင်တာပေါ့” လို့ သူကဆက်ရှင်းပြပါတယ်။

အခုလို တပ်အင်အား ထုတ်နုတ် စုစည်းမှုတွေကို နိုင်ငံတ၀ှမ်းရှိ လေတပ်တွေသာမက တိုက်ခိုက်ရေး မဟုတ်တဲ့ လက်ရုံး တပ်တွေမှာလည်း ပြုလုပ်နေလို့ စစ်ကောင်စီ အနေနဲ့ လာမယ့် ဒီဇင်ဘာလ အတွင်း ထိုးစစ်ကြီး တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သူက သုံးသပ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မိတ္ထီလာ လေတပ်စခန်းက ထွက်ပြေးတဲ့ စစ်သား အများအပြား ရှိခဲ့ပြီး လက်ရှိမှာလည်း ထွက်ပြေးမှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိတ္ထီလာ လေတပ်အတွင်း ရုရှား ပညာရှင် အများအပြား ရှိနေပြီး လေယာဥ်နဲ့ ရဟတ်ယာဥ် ပြုပြင် ထိန်းသိမ်းမှုများကို ဦးဆောင် ပြုလုပ်ပေးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*