နေရာကောင်းရမယ်ထင်လို့ပြန်သွားတာ ဂွိသွားရောဟုတ်လား

ညီနောင်မဟာမိတ်အဖွဲ့ထံ အလင်း၀င်ခဲ့သည့် ခလရ-၁၂၉ မှ ဒုအရာခံဗိုလ်ဖြစ်သူ စစ်ကောင်စီနှင့်ပြန်လည်ပူးပေါင်းရာ စစ်ကြောရေးအပို့ခံရ

နို၀င်ဘာ ၃၀ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်လက်အောက် ခံတပ်ရင်းဖြစ်သည့် စစ်ကောင် စီ၏ ခလရ-၁၂၉ မှ အလင်း၀င်လာသည့်ထဲမှ ဒုအရာခံဗိုလ်တစ်ဦး စစ်ကောင်စီထံ ပြန်လည်ပူးပေါင်းရာ စစ်ကြောရေးသို့ ပို့ဆောင်၍ စစ်ဆေးခံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၁၂ ရက်နေ့က ညီနောင်မဟာ မိတ်အဖွဲ့ဖြစ်သည့် ကိုးကန့် တပ်မတော် (MNDAA) ထံ ခလရ-၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်‌၍ တပ်ဖွဲ့၀င်များနှင့်အတူ အလင်း၀င်ရောက်ခဲ့သည်။

ထိုသို့ အလင်းဝင်ရောက်ပြီးနောက် အဆိုပါ ခလရ-၁၂၉ တပ်မှ ဒုအရာခံဗိုလ် အောင်အောင်သည် စစ်ကောင်စီတပ်ထံ ပြန်လည်ပူးပေါင်းရာ ၎င်းကို စစ်ကောင်စီက စစ်ကြောရေးသို့ ပို့၍စစ်ဆေးနေကြောင်း တပ်တွင်းသတင်း ရင်းမြစ်ထံက သိရသည်။

“ရှမ်းမြောက်ကနေ လွှတ်ပေးလိုက်တာကို စစ်တပ်ထဲ ပြန်လာတာ။ အဲဒါကို တပ်ကဖမ်းပြီး နေပြည်တော်က စစ်ကြောရေးမှာ ဖမ်းပြီးစစ်နေတယ်။ ဘာကြောင့်ပြန် လာလည်းဆိုတာ စဉ်းစားမရဘူး။ အခုသူကနေတစ်ဆင့် အခြားသူတွေကိုပါ စုံစမ်းပြီး ဖမ်းဖို့လုပ်နေတယ်” ဟု နေပြည်တော်ရှိ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်ထံပြန်လည်ပူးပေါင်းလာသည့် ဒုအရာခံဗိုလ်ကို စစ်ကောင်စီက နေပြည်တော်ရှိ ‌ဗိုလ်ရွေးစခန်းတွင် အပြင်းအထန် စစ်ကြောရေးပြုလုပ်နေကြောင်း သိရသည်။

ညီနောင်မဟာမိတ်အဖွဲ့ထံ အလင်း၀င်ရောက်ခဲ့သည့် တပ်ရင်းမှူးနှင့် စစ်ကောင်စီ တပ်သားများကို တစ်ဦးလျှင် ၁၀ သိန်းကျပ်ထောက်ပံ့ကူညီ၍ မိသားစု၀င် တစ်ဦးချင်း စီကိုလည်း တစ်သိန်းကျပ် ပေးအပ်ခဲ့ပြီး အလင်း၀င်ရောက်ခဲ့သူ ၂၆၂ ဦးရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ပုံစာ- ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က ခလရ-၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်‌၍ တပ်ရင်းတစ်ခုလုံး လက်နက်ချအညံ့ခံစဉ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *