စစ်ကောင်စီအတွက် KNU တပ်မဟာ ၁ ၏ စစ်ရေးသတင်းများ ထောက်လှမ်းနေသူ သထုံမြို့နယ်မှ သန်းနိုင် မုန့်ဟင်းခါးစားပြီး အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံး
နိုဝင်ဘာ ၃၀
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေတွင် စစ်ကောင်စီအတွက် စစ်ရေးသတင်းများ စုဆောင်း ထောက်လှမ်းနေသူ သထုံမြို့နယ်မှ သန်းနိုင်သည် ယနေ့ မုန့်ဟင်းခါးဆိုင်မှ မုန့်ဟင်းခါးစားပြီး အပြန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် တပင်ရွှေထီးစစ်ကြောင်းထံမှ သိရှိရသည်။
နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန် သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့ ၊ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်လမ်းဝ မုန့်ဟင်းခါးဆိုင်မှ မုန့်ဟင်းခါးစားပြီးပြန်လာသော စစ်ထောက်လှမ်းရေး၏ ဒေါက်တိုင် သန်းနိုင်သည် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“သူ ကားပေါ်မတက်ခင် မျက်နှာချင်းဆိုင်ကနေ ဆိုင်ကယ်နဲ့ ၃ ချက်ပစ်တာ။ ရင်ဘတ်ကို ထိပြီး ပွဲချင်းပြီး မှောက်လျက်ကြီး သေတယ်။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
တပင်ရွှေထီစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီ၏ စစ်ရေးကိစ္စရပ်များအတွက် အရေးပါသော စကစ ထောက်တိုင် စရဖအတွက် အလုပ်လုပ်နေသူ သန်းနိုင်ကို KNU/KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်ခွဲ ၃ လက်အောက်ခံ HRS မြို့ပြပျောက် ကျားအဖွဲ့မှ ကျည် ၅ တောင့်ဖြင့် ပစ်ခတ်ခဲ့ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။