ရန်ကုန်မြို့ပြလိုနေရာတိုင်းမှာအရှိန်မြှင့်တင် ဆောင်ရွက်နေပြီ

ရန်ကင်းမြို့မရဲစခန်းကို ပြင်းအားမြင့်မိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်

ဒီဇင်ဘာ ၁ ရက်

ရန်ကုန်မြို့ ရန်ကင်းမြို့မရဲစခန်းရှိ ဘန်ကာနှစ်ခုကို ပြင်းအားမြင့် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျွန်တော်တို့ မြို့ပြစစ်ဆင်ရေးကို ပြောထားတဲ့အတိုင်း အရှိန်မြှင့်တင် ဆောင်ရွက်နေကြပါတယ်။ အခုည တိုက်ခိုက်မှုကလည်း ပြင်းအားမြင့်မိုင်းဖြစ်လို့ ထိခိုက်မှုက ထင်ထားတာထက် ပိုမိုဖွယ်ရှိနိုင်ပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယနေ့ ဒီဇင်ဘာ ၁ ရက် ည ၇နာရီခွဲ ခန့်တွင် အနောက်ပိုင်းခရိုင်(ပကဖ)နှင့် Yangon Army တို့ ကယင်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘန်ကာအတွင်းရှိသည့် စစ်ကောင်စီဘက်အောက်ခံ ရဲတပ်ဖွဲ့ဝင် သုံးဦးခန့် ဒဏ်ရာရရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ပကဖ တွေက ရန်ကုန်မြို့ထဲမှာ အလုပ်တွေ အများကြီး ဆက်လုပ်တော့မှာမို့ ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော နေရာများကို ဝေးဝေးရှောင်ရှားကြပါရန်ထပ်မံအသိပေးလိုပါတယ်။ ကျွန်တော် တို့ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တက်ညီလက်ညီ ပူးပေါင်းပြီး ရန်ကုန်မှာ ရန်တွေကုန်သွားတဲ့အထိ တော်လှန်တိုက်ထုတ်သွားမှာပါ” လို့ ရန်ကုန်တိုင်းပကဖ ပြောရေးဆိုခွင့်ရှိသူ တိုင်းဒုတာဝန်ခံ ကိုမင်းရန်နိုင်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအသံများကို ကြည့်မြင်တိုင် ၊ စမ်းချောင်း မြို့နယ်တွင် နေထိုင်သူများပင်ကြားရကြောင်း ဒေသခံများက ပြောသည်။

“ည ၇ နာရီခွဲလောက်က ကံဘဲ့လမ်းဘက်မှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ ဗဟန်းဘက်က လူတွေ တော်တော်များများ ကြားလိုက်ကြတယ်။ ပေါက်တာက ကံဘဲ့လမ်းပေါ်က ရဲစခန်းနားလို့ သိရတယ်။ အခု ရဲစခန်းရှေ့မှာ မီးအမှောင်ချပြီး လမ်းပိတ်စစ်နေကြတယ်။ ရန်ကင်း ကလေးဆေးရုံရှေ့ကားမှတ်တိုင်ကနေ မီးသတ်ရှေ့ထိ စစ်ကားတွေ တောက်လျှောက်ရှိနေတယ် တွေ့ခဲ့တယ်။ လူထိခိုက်မှု ရှိ မရှိတော့ မသိရသေးဘူး”ဟု ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အနောက်ပိုင်းခရိုင်(ပကဖ)နှင့် Yangon Army သည် အာဏာရှင်လက်အောက်တွင် ပြည်သူကို ဒုက္ခပေးနေသည့် ဌာနဆိုင်ရာများကိုတိုက်ခိုင်မည့်အကြောင်း သတိပေးပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြောက်ဥက္ကလာပ နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ လျှပ်စစ်ရုံးများကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

(ရန်ကုန်မြို့ လမ်းပိုင်းတစ်ခု၌ လုံခြုံရေးယူနေသည့် ရဲများအား ၂၀၂၁ မတ်လ ၁၉ရက်က တွေ့ရစဥ်။ဓာတ်ပုံ – အေဖက်ပီ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *