ကောလင်း၊ ဝန်းသိုနဲ့ ကသာက နန်းနန်း၃၀၀နီးပါးအလင်းဝင်သတင်း(ရုပ်သံ)

ကောလင်း၊ ဝန်းသိုနဲ့ ကသာက Non-CDM ဝန်ထမ်း (၃၀၀)နီးပါး အလင်းဝင်

■ Non-CDM တွေ စစ်အုပ်စု လက်အောက်က နှုတ်ထွက်ပြီး ပြည်သူ့တော်လှန်မှာ ပူးပေါင်းဖို့ NUG တိုက်တွန်း

မှူးအိန်ဂျယ်လ်/MFP၊ ဒီဇင်ဘာ – ၅

စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ဝန်းသိုမြို့နယ်က Non-CDM ဝန်ထမ်း (၁၅၈)ယောက် စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းအဖြစ်က နှုတ်ထွက်ပြီး အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MoHAI)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာလဆန်းမှာ သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီးနောက် ကောလင်းနယ်က စစ်အုပ်စု လက်အောက်ခံ Non-CDM ဝန်ထမ်းတွေ ဒီဇင်ဘာ(၂၅)ရက် နောက်ဆုံးထားကာ အလင်းဝင်ဖို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ – ပအဖ က အမိန့်စာ ထုတ်ပြန်ထားပြီး ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကလည်း Non-CDM ဝန်ထမ်းတွေ အလင်းဝင်ဖို့ နိုဝင်ဘာ(၂၄)ရက်မှာ အမိန့်ထုတ် ခဲ့တာပါ။

ကောလင်းမြို့က Non-CDM ဝန်ထမ်းတွေ ဖြစ်‌တဲ့ ထွေအုပ် တစ်ဦး၊ ပညာရေး(၃၃) ဦး၊ စည်ပင် ငါးဦး၊ လျှပ်စစ် ငါးဦး၊ အခွန် နှစ်ဦး၊ သစ်တော နှစ်ဦး၊ သစ်ထုတ်လုပ်ရေး လေးဦး၊ သစ်လုပ်ငန်း တစ်ဦး၊ မီးသတ် တစ်ဦး၊ စိုက်ပျိုးရေး နှစ်ဦး၊ မြန်မာ့စီးပွားရေးဘဏ် နှစ်ဦး၊ မီးရထား(၂၀)ဦး၊ မီးရထားရဲ တစ်ဦး၊ ဆက်သွယ်ရေးတစ်ဦး၊ အား/ကာ နှစ်ဦး၊ မြေစာရင်း (၁၃)ဦး၊ လဝက တစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဦး၊ စုစုပေါင်း(၉၈)ဦးဟာ နိုဝင်ဘာ(၂၈)ရက်ကနေ ဒီဇင်ဘာ(၃)ရက်အတွင်း ကောလင်းမြို့နယ် ပအဖထံ ဆက်သွယ် အလင်းဝင်ရောက် လာခဲ့တယ်လို့ ကောလင်း ပအဖက ထုတ်ပြန်ပါတယ်။

အလားတူ ကသာခရိုင် ၊ ဝန်းသိုမြို့နယ်က ဝန်းသိုမြို့နယ် Non-CDM ဝန်ထမ်း (၆၀) အလင်း ဝင်ရောက်လာတယ်လို့ ဝန်းသိုမြို့နယ် ပအဖ ကလည်း ဒီဇင်ဘာ(၄)ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကသာမြို့နယ်မှာလည်း Non-CDM တွေ အလင်းဝင်ဖို့ ကသာ ပအဖ က ကြေညာချက် နှစ်ကြိမ် ထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်း (၈၆)ဦးနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တဲ့ စစ်သား ၊ ရဲ နဲ့ အကျဉ်းထောင်ဝန်ထမ်း (၄၄)ဦး၊ စုစုပေါင်း (၁၃၀)ဦး အလင်းဝင်လာတယ်လို့ ကသာ ပအဖ က နိုဝင်ဘာ(၃၀)ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။

Non-CDM ဝန်ထမ်းတွေ အနေနဲ့ စစ်အုပ်စုရဲ့ ယန္တရားမှာ ခွေးသွားစိတ်တခု အနေနဲ့ ပါဝင်နေမှုကနေ ရပ်တန့်ပြီး ပြည်သူ့တော်လှန်မှာ အမြန်ဆုံး ပူးပေါင်းဖို့ကိုလည်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်စု လက်အောက်ခံ “Non-CDMဝန်ထမ်းတွေ အလင်းဝင်ရောက်ကြဖို့ကိုလည်း ” NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကလည်း နိုဝင်ဘာလလည်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Non-CDM ဝန်ထမ်းတွေအနေနဲ့ NUG က ပေးအပ်တဲ့ နောက်ဆုံး အခွင့်အရေးကို ဖမ်းဆုပ်ပြီး ပြည်သူလူထု ဘက်က ရပ်တည်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိသူတွေကို CDM မူဝါဒအရရော၊ ဥပဒေအရပါ အရေးယူ ဆောင်ရွက်မယ်လို့ NUG က ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *