ငါတို့နဲ့မဆိုင်ပါဘူးဆိုတဲ့သူတွေ ခုထိမဆိုင်သလိုနေကြတုန်းပဲလား

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီများ ပြတ်လပ်၊ သီလဝါတွင် ဆီထုတ်ကြမည့် ဘောက်ဆာကားများ ထောင်ချီ ကြိတ် ကြိတ်တိုး တန်းစီနေရ

■ စက်သုံးဆီများ စျေးကြီးပေး ဝယ်ယူရသည့် မှောင်ခိုစျေးကွက်ဖြစ်ပေါ်နေပြီး ရန်ကုန်ရှိ ဆီဆိုင်များတွင် ကားများ နံနက် ၄ နာရီမှစတင်၍ တန်းစီနေ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကောင်စီက သွင်းကုန်လုပ်ငန်းများထံ ရောင်းချပေးနေသည့် အမေရိကန်ဒေါ်လာကို ပြတ်လပ်နေသဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး သီလဝါတွင် ဆီထုတ်ကြမည့် ဘောက်ဆာကားများ ထောင်ချီ ကြိတ်ကြိတ်တိုး တန်းစီနေရကြောင်း ဆီလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်သွင်းနေသည့် သွင်းကုန်လုပ်ငန်းရှင်များကို စစ်ကောင်စီက ဒေါ်လာ မရှိတော့၍ စျေးကွက်ပေါက်စျေးထက် နိမ့်သော ဗဟိုဘဏ် သတ်မှတ်စျေးဖြင့် အမေရိကန်ဒေါ်လာ ရောင်းချပေးမှုကို ရပ်ဆိုင်းလိုက်ကြောင်း၊ ယင်းသို့ ရပ်ဆိုင်းလိုက်သဖြင့် စက်သုံးဆီ လုပ်ငန်းရှင်များမှာ ဆီတင်သွင်းရန် ဒေါ်လာဝယ်ယူ၍ မရတော့ကြောင်း၊ ထို့ကြောင့် ပြည်တွင်းသို့ ဆီအဝင်မရှိဘဲ စစ်ကောင်စီက အရန်ဆီများ ထုတ်ပေးရကြောင်း၊ အရန်ဆီများကို ထုတ်ပေးရာတွင်လည်း ကန့်သတ်ချက်များ လုံလောက်စွာ မထုတ်ပေးနိုင်သဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးမှ စက်သုံးဆီ လာရောကထုတ်ယူကြသည့် ဆီဘောက်ဆာကားများ ထောင်ချီ၍ သီလဝါတွင် စုပြုံ တိုးနေကြကြောင်း သိရှိရသည်။

“သီလဝါမှာ ဆီတွေ ထုတ်မရတာ ရက်နဲ့ချီနေပြီ။ နယ်တွေကိုလည်း ဦးစားမပေးဘူး။ နယ်ကားတွေ ပိုဒုက္ခခံရတယ်ေ ၅ည ၆ ည ရှိပြီ။ ဆီရဖို့ သီလဝါမှာ ဆီကားတွေ တိုးနေရတာ။ တအားဒုက္ခရောက်နေတယ်။ အဲဒါ ကျနော်တို့မှာ ဆီမရှိတော့လို့၊ 95 ရောင်းစရာမရှိလို့စာရင်းတင်ပါတယ်။ ပထမ po 910L ကို Denkoကို ပေးတယ်။ ဒုတိယ Po 455L Brighter ကိုပေးတယ်။ တတိယ Po 455L ကို PSW ကိုပေးတယ်။ စစ်တပ်နဲ့ပိုင်တဲ့ ဘောက်ဆာတွေက တွဲဆို ၈၀၀၀ ဆန့်တယ်။ အခု ထုတ်ရတဲ့ အနေထားက အကုန်လုံးကို အခက်တွေ့စေတယ်။ အခုလို ပွိုင့်တကာ ပေါက်ပန်းလေးဆယ် လိုက်ထုတ်ခိုင်းနေလို့လဲ ပိုကြန့်ကြာတာ။။ ကျန်လူတွေက မရဘူး။ ဆီတွေ ပြတ်နေပြီ။ အရန်ဆီတွေ ထုတ်ပေးနေတာတဲ့” ဟု သီလဝါတွင် တန်းစီနေသော ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်များကို ပြင်ပပေါက်စျေးဖြင့် ဒေါ်လာဝယ်ယူ၍ ဆီတင်သွင်းရန် ပြောဆိုလိုက်ပြီး စစ်ကောင်စီဗဟိုဘဏ်အနေဖြင့် ဒေါ်လာစျေးနှုန်းကို ရည်ညွန်းသတ်မှတ်စျေး မလုပ်တော့ဘဲ ပြင်ပစျေးကွက်ရှိ ရောင်းလိုအားနှင့် ဝယ်လိုအား အတိုင်း စျေးကွက်ပေါက်စျေးနှုန်း အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြေညာလိုက်သည်။

လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ တောင်ငူ အစရှိသည့် မြို့ကြီးများတွင် စက်သုံးဆီများ ပြတ်လပ်နေပြီး ဝယ်မရတော့ကြောင်း၊ စက်သုံးဆီ မှောင်ခိုစျေးကွက်လည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“တောင်ငူမြို့မှာလည်း ဆီပြတ်လပ်နေပြီ။ နီလာရိုးမ ၊ရွှေဝါ ၊ New Day ဆီဆိုင် ၊ တခြားအိမ်ဆိုင် ဆီဆိုင်တွေမှာ ဆီမရတော့ဘူး။ အားလုံး ဒုက္ခရောက်နေကြတယ်” ဟု တောင်ငူဒေသခံတစ်ဦးက ဆိုသည်။

နေပြည်တော်ရှိ စက်သုံးဆီဆိုင်များတွင်လည်း ဆိုင်ကယ်များအတွက် ဓာတ်ဆီကို ၃၀၀၀ ဖိုးသာ ရောင်းချပေး‌ပြီး ကားများကိုမူ ဓာတ်ဆီ ၄၀၀၀ ဖိုး ရောင်းချပေးသည်ဟု နေပြည်တော်ဒေသခံများက ပြောဆိုကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *