ရာထူးနဲ့ငရဲမင်းပူးတွဲလက်ဆောင် နောက်ဆုံးအသံလေးမိမိုက်(အသံဖိုင်)

ရေဇွာမြို့သိမ်း တိုက်ပွဲတွင် လက်နက်ချ အလင်းဝင်သည့် စစ်တပ်မှ ဗိုလ်ကြီးအကြောင်း အထက်သို့ သတင်းပို့ တိုင်ကြားသည့် တပ်ကြပ်ကြီးကို စစ်မြေပြင်တွင် ဒုအရာခံဗိုလ် ရာထူးတိုးပေးပြီး တပ်ကို ကွပ်ကဲခိုင်း၊သို့သော် သေနတ်မှန်၍ ချက်ချင်းသေဆုံး

■ လေယာဉ်ပစ်ကူ ပေးရန် စစ်ကူတောင်းခဲ့သော်လည်း စခန်းသိမ်းခံရပြီး တပ်ကြပ်ကြီး သေဆုံးသည့်တိုင် မည်သည့် လေကြာင်းပစ်ကူမှ ရောက်မလာခဲ့

ရန်ကုန် ၊ဒီဇင်ဘာ ၆

ချင်းပြည်နယ် ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံရန် ပြင်ဆင်နေသည့် စစ်တပ်မှ ဗိုလ်ကြီးမင်းကောင်းထက် ၏ အကြောင်းကို အထက်သို့ သတင်းပေးပို့ တိုင်ကြားသော တပ်ကြပ်ကြီး ရဲမြင့်ဇော်ကို စစ်ကောင်စီက ဒုအရာခံဗိုလ် ရာထူး ချက်ချင်းတိုးပေး၍ တပ်ကို ကွပ်ကဲခိုင်းခဲ့သော်လည်း တပ်ကြပ်ကြီး ရဲမြင့်ဇော်မှာ သေနတ်မှန်ပြီး ချက်ချင်းသေဆုံးသွားခဲ့ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ် ကပြောသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲ သုံးရက်နေ့မြောက်ဖြစ်သည့် နိုဝင်ဘာ ၂၈ ရက်နေ့က ချင်းတော်လှန်ရေး တပ်ဖွဲ့များမှ အပြင်းအထန်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမင်းကောင်းထက်မှ လက်နက်ချ အညံ့ခံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ယင်းသို့လက်နက်ချအညံ့ခံမည်ကို တပ်ကြပ်ကြီးရဲမြင့်ဇော် က အထက်ကို တိုင်ကြားခဲ့ရာ အထက်မှ ဗိုလ်ကြီးမင်းကောင်းထက်ကို ဖမ်းမိန့်ထုတ်လိုက်ပြီး တပ်ကြပ်ကြီး ရဲမြင့်ဇော်ကို ဒုအရာခံဗိုလ်ရာထူးတိုးပေးပြီး တပ်ကို ဆက်လက်ကွပ်ကဲခိုင်းကြောင်း သိရသည်။

ယင်းသို့ကွပ်ကဲခိုင်းရာတွင် ဒုအရာခံဗိုလ်ရာထူးတိုးသွားသည့် ရဲမြင့်ဇော်က အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်ကိုကိုဦးထံ စစ်မြေပြင် တိုက်ပွဲ အခြေအနေများကို အစီအရင်ခံပြီး ဗိုလ်ချုပ်ကိုကိုဦး၏ ညွှန်ကြားချက် များကို ထပ်ဆင့် ပြန်ညွှန်ကြားနေကြောင်း၊ယင်းသို့ ညွှန်ကြားနေစဉ်မှာပင် ချင်းတော် လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်သော သေနတ်ကျည် ထိမှန်၍ ပွဲချင်းပြီးသေဆုံး သွားကြောင်း သိရသည်။

၎င်းတို့နှစ်ဦး တယ်လီဖုန်းဖြင့်ပြောဆိုသည့် အသံမှတ်တမ်းဖိုင်ကို ရန်ကုန်ခေတ်သစ်က ရရှိထားပြီး ယင်း အသံဖိုင်ထဲတွင် တော်လှန်ရေးအဖွဲ့များ စခန်းအတွင်းဝင်လာ၍ လေကြောင်းပစ်ကူတောင်းခဲ့ပြီး လေယာဉ် တက်သွားပြီး မကြာခင်ရောက်မည်ဟု တပ်ကြပ်ကြီးရဲမြင့်ဇော်ကို နှစ်သိမ့်ခဲ့သော်လည်း သေသွားသည့်တိုင် စစ်တပ်၏ လေယာဉ်ပစ်ကူရောက်မလာခဲ့သည်ကိုလည်း တွေ့ရသည်။

“တကယ်တော့ စခန်း အခြေနေ မကောင်းတာ အသိသာကြီး လေယာဉ်ပစ်ကူတောင်းတာ မပို့နိုင်လို့ သေခါနီး သူကို ရာထူးတိုးပြီး နှစ်သိမ့် ပေးလိုက်တာပါပဲ”ဟု ချင်းတော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။

ယင်းတယ်လီဖုန်းမှတ်တမ်းထဲမှာပင် တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းများကိုကြောက်ရပြီး အပြင်ကို ခေါင်းပင်ပြူထွက်ပြီး မကြည့်ရဲကြောင်း ပြောဆိုခဲ့သည်။

ချင်းတော်လှန်ရေးတပ်များထံတွင် လက်နက်ချအညံ့ခံ၍ ဖမ်းမိန့်ထုတ်ခံရသည့် ဗိုလ်ကြီးမင်းကောင်းထက် သည် ရဲဘော်တစ်ဦးနှင့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ချင်းတော်လှန်ရေးအင်အားစုများထံတွင် ယနေ့ အချိန်အထိ ကောင်းမွန်စွာ အသက်ရှင်သန်နေထိုင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ZZLMS Operation ဟုအမည်ပေးထားသည့် ချင်းပြည်နယ် ၊ရေဇွာ မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ (၂၅)ရက်နေ့ တွင်စတင်ခဲ့ပြီး ထို့နောက်၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၈) ရက်နေ့တွင်ZZLMSညီနောင်များ နှင့်အတူ ချင်းအမျိုးသားတပ်ဦး CNA၊ CDF-MATUPI(B2) တို့က ပါဝင်ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ချင်းတော်လှန်ရေးအဖွဲ့များက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်း ကျင်တွင်စခန်းအားအပြီးပိုင်သိမ်းပိုက် နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းများကို ဖမ်းဆီး ရမိပြီး လက်နက်နှင့်ခဲယမ်းအများအပြားကိုလည်း ရရှိခဲ့ကြောင်း၊ မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်း ချုပ်နိုင် ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *