မအလ ရွေးလာတဲ့ စေ့စပ်ညှိုနှိုင်းရေးလမ်း

မင်းအောင်လှိုင် ရွေးလာတဲ့ စေ့စပ်ညှိုနှိုင်းရေးလမ်း

ဒီဇင်ဘာ ၁၂ ရက်

၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှ MNDAA နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တရုတ်အစိုးရရဲ့ အကူအညီနဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲက ရှမ်းမြောက်စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဖြစ်တယ်လို့ စစ်အုပ်စုက လေသံပစ်လာပါတယ်။

ဒီဇင်ဘာလ ၁၁ ရက် ညဦးပိုင်းအထိ သတင်းတွေအရတော့ MNDAA နဲ့ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ထားမှာဖြစ်ပြီး ကြားကာလအတွင်း လောက်ကိုင်မြို့အတွင်း က စစ်အုပ်စု လက်အောက်ခံ အဖွဲ့အစည်းတွေ ထွက်သွားဖို့ ရာဇသံ မျိုးတွေပါဝင်လာပါတယ်။

ဆွေးနွေးပွဲရဲ့ ထူခြားချက်အနေနဲ့ကတော့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ထဲက TNLA နဲ့ AA တို့ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

ဒါဟာ စစ်ရေးအရရော နိုင်င့ရေးအရပါ ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီအတွက် တရုတ်က အထိုက်အလျောက် ကူညီ ဖြေရှင်းပေးလိုက်ခြင်းဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးက ရပ်တန့်သွားမှာ လားဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

ဒါဟာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ MNDAA လိုမိမိထက် အားသာကြီးမားလာရင် စေ့စပ်ညှိုနှိုင်းရေး လမ်းကိုသွားနေရပြီဆိုတာကို ပေါ်လွင်ထင်ရှားစေခဲ့ပြီဖြစ်ပါတယ်

စစ်ရေးမှာ စခန်းတွေရာနဲ့ချီသိမ်းထားပြီး မြို့တွေအားလုံးကို သိမ်းဆည်း ပိတ်ဆို့ ဝိုင်းရံထားသလို စစ်ရေးအရ အားသာနေတဲ့ MNDAA ဟာ အခုဆွေးနွေးပွဲမှာ စစ်ကောင်စီထံက ၎င်းတို့ လိုလားချက်တွေကို တောင်းဆိုသွားမှာဖြစ်လို့ စစ်အုပ်စုဘက်က မဖြစ်မနေ အလျှော့ပေးရမယ့် အခြေအနေတွေလည်း ရှိနေပါတယ်။

လက်ရှိ ရှမ်းမြောက်ဒေသမှာဆိုရင် လောက်ကိုင်ကို သိမ်းမယ့် အနေအထားပြသခဲ့ကာ မူဆယ် နဲ့ ၁၀၅ မိုင်ကို MNDAA က ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ နောင်ချိုမှ ကျောက်မဲ ၊သီပေါအထိ ဖြတ်တောက်ပိတ်ဆို့ထားလိုက်ပြီး လောက်ကိုင်ကို ကူညီရမလား အဓိက လမ်းမတွေကို ပြန်လည်ဖွင့်လှစ်နိုင်အောင် လုပ်ရမလားဆိုပြီး စစ်အုပ်စုကို အကြပ်ရိုက်အောင်လုပ်ခဲ့တဲ့ MNDAA ရဲ့ စစ်ရေးဗျူဟာ အောင်မြင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

တစ်ဖက်က လွိုင်ကော်လို့ ပြည်နယ်မြို့ကြီး အဆင့်အထိ ထိန်းချုပ်လာနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဗျူဟာက ၁၀၂၇ ကို အထောက်အကူပြုစေခဲ့ပါတယ်။ ကရင်နီဒေသမှာ အခုလိုပြင်းထန်တဲ့ တော်လှန်ပုန်ကန်မှုတွေ မရှိရင် ကရင်နီဒေသက စစ်အင်အားကို ရှမ်းမြောက်မှာ ပေါင်းစည်းစေမှာဖြစ်လို့ စစ်အုပ်စု အခွင့်မသာခဲ့ပြန်ပါဘူး။

ဒီလိုအခြေအနေမျိုးမှာ ရန်ကုန်ကစလို့ မြို့ကြီးတွေမှာ တစ်ရက်မှ မပြတ်အောင် စစ်အင်အားကို လျှော့ချလို့ မရတဲ့ အခြေအနေမျိူးရှိတာကြောင့် စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ စစ်အုပ်စုက အင်အားဖြည့်လို့ မရတဲ့အခြေအနေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေ၊ ရခိုင်နဲ့ ကရင်ပြည်နယ်က ထိုးစစ်တွေကို စစ်ကောင်စီ အလူးအလဲ ခံနေရချိန်မှာ တော်လှန်ရေး ချိန်ခွင်ပြောင်းလဲ လာပြီလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဒါ့ကြောင့် အခုရက်ပိုင်းအတွင်း မီဒီယာတွေရဲ့ ဖော်ပြမှုတွေအရ တပ်ပြေးတွေကို ပြစ်မှုတွေ လျှော့ပြီး စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ခေါ်ယူတာ၊ ပင်စင်စား စစ်မှုထမ်းတွေကို ပြန်လည် ခေါ်ယူတာ၊ ပြစ်မှုတွေနဲ့ အကျဉ်းထောင်တွေထဲ ရောက်နေတဲ့ စစ်သားတွေကို ပြန်လည်ခေါ်ယူရတဲ့ အထိ တပ်အင်အားဟာ ဆိုးရွားလျော့နည်း လာပြီဆိုတာ ပေါ်လွင်သွားပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် မကြာခင်မှာ ရောက်ရှိလာတော့မယ့် ၂၀၂၄ အတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ချိန်ခွင်လျှာက စေ့စပ်ညှိုနှိုင်းရေးလား အပြုတ်တိုက် ချေမှုန်းခံရတော့မှာလားဆိုတာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဘက်က ​ရင်တထိတ်ထိတ်နဲ့ နေပြည်တော်ရပ်ဝန်းကနေ စောင့်နေရတော့မှာကတော့ အသေအချာပါပဲ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *