ငပုလက်ထက်မှာတိုးတတ်လာလိုက်တာ ကမ္ဘာ့ပထမဆုံးအဆင့်ရောက်ရှိ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံး ပထမ နိုင်ငံအဖြစ် ရောက်ရှိဟု ကုလသမဂ္ဂ UNODC က ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်သဖြင့် ပြည်တွင်းမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့တွင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် တရားဝင် သတင်းထုတ်ပြန်သည်။

ယခင်က အာဖဂန်နစ္စတန်သည် ကမ္ဘာတွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံက ဒုတိယနိုင်ငံအဖြစ် ရပ်တည်ခဲ့ ကြောင်း၊ ယခုအခါတွင်မူ မြန်မာက အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး ဘိန်းအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ ပထမဆုံးနိုင်ငံအဖြစ် ရောက်ရှိလာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် တာလီဘန်တို့က မူးယစ်ဆေးဝါး တားဆီးပိတ်ပင်မှုအပြီး အာဖဂန်နစ္စတန်တွင် ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ သို့ရာတွင် စစ်အာဏာသိမ်းလိုက်သော မြန်မာနိုင်ငံတွင်မူ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဘိန်းအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ပထမ နိုင်ငံအဖြစ် ရောက်ရှိလာကြောင်း ၊ မြန်မာ ဘိန်းစိုက်တောင်သူများ ၇၅ ရာခိုင်နှုန်း ပိုမိုဝင်ငွေရရှိလာကြောင်း၊ ဘိန်းပန်း ပျှမ်းမျှတစ်ကီလို ဒေါ်လာ ၃၅၅ ဒေါ်လာခန့်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးမှု ဧရိယာ ဟက်တာ ၄၀၁၀၀ မှ ၄၇၀၀၀ ဟက်တာအထိရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု အခြေအနေသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကဆိုသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က သိမ်းပိုက်ပြီးနောက် စီးပွားရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယိုယွင်းမှုက ဝေးလံခေါင်သီတဲ့ ဒေသတွေက လယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် ဘိန်းစိုက်ဖို့ ပိုပြီး တွန်းအားပေးပါတယ်” ဟု UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောကြားသည်။

စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းပညာသစ်များကြောင့် တစ်ဟက်တာလျှင် ဘိန်းအထွက်နှုန်း ၁၆ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၉ ကီလိုဂရမ်အထိ တိုးလာသောကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြန်မာနယ်စပ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ကြောင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း ဘိန်စိုက်ပျိုးမှု တိုးပွားလာကြောင်း UNODCက ပြောဆိုသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ အရှိန်မြင့်လာခြင်းသည် ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်မှုကို အရှိန်အဟုန် မြှင့်တင်လာကြောင်း ဒေါက်ဂလပ်စ်က ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *