ရန်သူကရန်သူဆန်နေပြီးသားပါ

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တရားရုံးကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် မြို့နယ်တရားရေး တာဝန်ခံ ကိုပေါပြည့်အောင် အပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မြို့နယ်တရားရုံးကို အ ကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြို့နယ်တရားရေးတာဝန်ခံကိုပေါပြည့်အောင် အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက် က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီ ၅ မိနစ်ခန့်က ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသော တရားရုံးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ၂ ကြိမ်လာရောက်ဗုံးကျဲခဲ့ရာ မြို့နယ်တရားရေးဌာန တာဝန်ခံ တစ်ဦး၊ ၎င်း၏ ဇနီးဖြစ်သူကျောင်းဆရာမတစ်ဦး၊ ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် အသက် ၂ နှစ်အရွယ်ကလေးတစ်ဦးနှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရသည်။

“မြို့နယ်တရားရုံးကို ဗုံးလာကျဲတာ၊ နေ့လည်၁၂ နာရီမိနစ်မှာ၊ မြို့နယ်တရားရေး တာဝန်ခံ ကိုပေါပြည့်အောင်အပါအဝင် သူ့ဇနီးရော၊ နောက် ပလဖ ရဲဘော်တစ်ဦးပေါ့၊ နောက်သားအမိနှစ်ဦး ပေါ့၊ ၂ နှစ်သားအရွယ်ကလေးတစ်ဦးရယ်၊ မအေရယ်ပေါ့၊ သူတို့ကတော့ အစက ဒဏ်ရာရတာပေါ့၊ ချက်ချင်းမဆုံးဘူး၊ ဒဏ်ရာရတာ ဆေးရုံမှာခေါ်သွားရင်းနဲ့ အချိန်မမီပဲဖြစ်သွားတာ၊ စောစောကတော့ ၃ ယောက်ပဲ ကျဆုံးတာပေါ့၊ သားအမိနှစ်ယောက်က ဆေးရုံကျမှ ဆုံးတာဆိုတော့ ၅ ယောက်ဆုံး သွားတာပေါ့၊ ၂ ကြိမ်ကျဲတာဗျ၊ ၄ လုံးကျဲတာ” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်များ၏ စစ်ရေးပစ်ခတ် လေ့ကျင့်မှု။ (ပုံအဟောင်းဖြစ်ပါသည်။ )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *