အမြင်မှန်တဲ့သူတွေတော့ သိန်း၁၅၀ရသွားပြီ

KNU ဆီ လက်နက်ခဲယမ်းနဲ့အတူ လာရောက် ပူးပေါင်းသော ခလရ-၂၈၃ တပ်ရင်းက ဒုတပ်ကြပ် တစ်ဦးကို ထောက်ပံ့ချီးမြှင့်ငွေ ကျပ်သိန်း ၁၅၀ ပေးအပ်

++++++++++++++

ဒီဇင်ဘာ ၂၁

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းက တပ်ကြပ် တစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၂၈၃ တပ်ရင်းက ၂၃ နှစ်အရွယ် ဒုတပ်ကြပ် လက်နက်ခဲယမ်းများနဲ့အတူ KNU – တပ်မဟာ (၆)၊ ကွန်မန်ဒို တပ်ဖွဲ့ဆီ လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဒုတပ်ကြပ်ဟာ တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက် သည်းခံနိုင်မှု မရှိတော့တဲ့အပြင် အာဏာသိမ်း စစ်တပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်သဖြင့် သူ့ရဲ့တပ်ကနေ ကြိုးစားရုန်းထွက်လွတ်မြောက်ကာ နွေးထွေးတဲ့ ပြည်သူ့ရင်ခွင်သို့ ခိုလုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနဲ့အတူ ပူးပေါင်းပါဝင် ကူညီသွားမယ်လို့ ပြောထားပါတယ်။

အဲ့ဒီဒုတပ်ကြပ်နဲ့အတူ ပါလာတဲ့ လက်နက်ခဲယမ်းများမှာ MA-4 ပူးတွဲ(၁) လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် (၄) ဘောက်နဲ့ ၅.၅၆ ကျည်တောင့် (၇၅) တောင့်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးဆီ လက်နက်ခဲယမ်းများနဲ့အတူ လာရောက်ပူးပေါင်းတဲ့ အာဏာသိမ်း စစ်တပ် ခလရ-၂၈၃ တပ်ရင်းက ဒုတပ်ကြပ်ကိုလည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်က ထောက်ပံ့ငွေအနေဖြင့် မြန်မာငွေ (၁၅,၀၀၀,၀၀၀) သိန်းတစ်ရာ့ငါးဆယ်ကျပ် တိတိ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေတဲ့ ဘယ်လိုထောက်တိုင်မျိုးမဆို ဆန့်ကျင်ဖို့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ဘယ်လိုစစ်သားမဆို မိမိတို့တပ်ကို စွန့်ခွာပြီး KNU နဲ့ နွေးထွေးတဲ့ ပြည်သူများ ရင်ခွင်ကို လာရောက်ပူးပေါင်းဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်နေတယ်လို့လည်း KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ဘယ်လို စစ်သားမဆို မိမိတို့တပ်ကို စွန့်ခွါပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးနဲ့ ပြည်သူများ ရင်ခွင်ကို လက်နက်ခဲယမ်းများနဲ့အတူ လာရောက်ပူးပေါင်းတဲ့ စစ်သားများကိုလည်း ပြည်သူများက နွေးထွေးစွာ ကြိုဆိုနေပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးက ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး အတူ ပါလာတဲ့ လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနဲ့အညီ ထပ်ပေးမှာဖြစ်သလို သာမာန်ပြည်သူ အနေနဲ့ လုပ်ကိုင်စားသောက်သွားမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးက ဆိုပါတယ်။

ဓာတ်ပုံ − KNU ဆီ လက်နက်ခဲယမ်းနဲ့အတူ လာရောက် ပူးပေါင်းတဲ့ တပ်ကြပ်တစ်ဦးနဲ့ KNLA က အရာရှိ တစ်ဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*