ရွာစဉ်ပတ်မီးရှို့ပြီး မြစ်ကြောင်းကနေ မော်တော်နဲ့ ပြန်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ရဲမှူးအပါဝင် ၁၆ဦးသေ (ရုပ်သံ)
ဒီဇင်ဘာ ၂၃ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာတွေကိုမီးရှို့ပြီး မြစ်ကြောင်းကနေမော်တော်နဲ့ ပြန်လာတဲ့ အင်အား၇၀ခန့်ကို မြစ်ကမ်းဘေးတနေရာအရောက်မှာ ပစ်ခတ်တိုက်ခိုက်ခံရလို့ ရဲမှူးအပါဝင် ၁၆ယောက်သေဆုံးသွားတယ်လို့ Generation Z Power – GZP (Mandalay) တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ရက်နေ့မနက်အစောပိုင်းမှာ ဒေါင်းကျွန်းကျေးရွာအပါဝင် မတ္တရာအနောက်ခြမ်းရွာတွေကို မီးရှို့ပြီး သံခွန်မော်တော်နဲ့ ပြန်လာတုန်း မွန်းလွဲ ၁နာရီ၁၅မိနစ်ခန့်က ကြားဖြတ်တိုက်ခိုက်ခံရတာလို့ဒေသခံတွေက ပြောပါတယ်။
“ရွာစဉ်ပတ်မီးရှို့ ပစ္စည်းခိုးပြီး မြစ်ကြောင်းအတိုင်း မော်တော်နဲ့လာတုန်းအပစ်ခံရတာ။ မော်တော်ပါ ထိန်းမရတော့ ပိုထိခိုက်တာပေါ့။ မြစ်ထဲမှာ လည်နေတာမော်တော်က။ အဲ့ပေါ်ကကောင်တွေကို အကြိုက်ပစ်သွားတာပေါ့။ ရဲမှူးအပါဝင် ၁၆ကောင်ကြွသွားတယ်။ ထိတဲ့ကောင်တွေပါများတယ်”လို့ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ မန္တလေးရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး သူရအောင်အပါအဝင် ၁၆ ဦး သေ ဆုံး ခဲ့ပြီး ၈ ဦးကျော်အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထက်ါတိုက်ခိုက်မှုကိုတော့ Generation Z Power-GZP (Mandalay) ၊ ပုသိမ်ကြီးပကဖ၊ မတ္တရာ ပကဖ၊ မန္တလေးခရိုင်တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ နှင့် BRA တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။