သရုပ်ဆောင် မေသဉ္ဇာဦး၏သားတဲ့ သနားလိုက်တာ

သရုပ်ဆောင် မေသဉ္ဇာဦး၏သား ဒုဗိုလ်ချုပ်ကြီးညိုစော၏ တူဖြစ်သူ လမ်းလယ်ဓာတ်တိုင်ကို ကားဖြင့် ဝင်တိုက်မိပြီး သေဆုံး

မြရာ/ဧရာ၀တီတိုင်းမ်

ဒီဇင်ဘာ ၂၆ ရက်

သရုပ်ဆောင်မေသဉ္ဇာဦး၏ သားဖြစ်သူသည် ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ၎င်းမောင်းလာသည့် ကားကို အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓာတ်တိုင်အား ၀င်တိုက်မိပြီး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၅(ခရစ္စမတ်)ည ၁၀ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ ကျောက်မြောင်းမီးသတ်အရှေ့တွင် ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ဓာတ်တိုင်ကို ၀င်တိုက်မိသဖြင့် မောင်းနှင်လာသူ ကိုမင်းသန်းကျော် (၂၇) နှစ်မှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူ ကိုမင်းသန်းကျော်သည် သရုပ်ဆောင် မေသဉ္ဇာဦး၏ သားအကြီးဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ တူဖြစ်ကြောင်း စုံစမ်းသိရသည်။

“မေသဉ္ဇာဦးညီမရဲ့ ယောက်ျားက ဗိုလ်ချုပ်ကြီးညိုစောပါ။ တူတော်တာပေါ့။ ကားကို အရှိန်လွန်မောင်းပြီး လမ်းလယ်ကဓာတ်တိုင်ကို ၀င်တိုက်ပြီးသေတာ”ဟု ၎င်းတို့နှင့်နီးစပ်သည့်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်တပ်၏ အကျိုးစီးပွားကို အဓိက လုပ်ဆောင်ပေးနေ သူတစ်ဦး ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံတစ်ဦး ဖြစ်သလို စစ်ခေါင်းဆောင်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ထို့အပြင် နိုင်ငံခြားငွေအပြင် စက်သုံးဆီများနှင့်ပတ်သက်ပြီး အဓိကလုပ်ဆောင်ပေးနေ သူဖြစ်ပြီး လက်ရှိတွင် စီးပွားရေးကော်ပိုရေးရှင်း (MEC)ဥက္ကဋ္ဌ ဖြစ်သည်။

၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်းဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ စစ်ထောက်ချုပ်တာ၀န်များကို ထမ်းဆောင်ခဲ့ သူဖြစ်သည်။

ယင်းအပြင် ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူ ဒဏ်ခတ်ခံရသူတစ်ဦးလည်းဖြစ်ပြီး အရေးယူခံရသူများအနေဖြင့် ၎င်းတို့၏ငွေကြေးနှင့် အခြားပိုင်ဆိုင်မှု စီးပွားရေး လုပ်ငန်းများကို ပိတ်ဆို့အရေးယူသိမ်း ဆည်းသွားမည်ဖြစ်ပြီး ဥရောပနိုင်ငံအတွင်း ခရီးသွား လာခွင့်ကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်ဟု ဒီဇင် ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ပုံစာ-သရုပ်ဆောင် မေသဉ္ဇာဦး၏သား ယာဉ်တိုက်မှုဖြစ်ပွားခဲ့စဉ်


Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *