မုန့်လုံးရေပေါ်ပြီးတော့ ဖရုံသီးယတြာလာပြန်ဘီ

စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က အောင်ပွဲဆင်နိုင်ရန်အတွက် ရတခတိုင်း စစ်ဌာနချုပ်တွင် ဖရုံသီးဖြင့် ယတြာချေ

ဒီဇင်ဘာ ၂၆ ရက်

စစ်ကောင်စီတပ်က ၎င်းတို့ ထိခိုက်သေဆုံးမှုများနေသည့်အတွက် အောင်ပွဲဆင်နိုင်ရန်အတွက် အရှေ့တောင်တိုင်းနယ်မြေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဌာနချုပ်အတွင်း၌ ဖရုံသီးယတြာများ ပြုလုပ်လျက်ရှိကြောင်း တပ်တွင်းသတင်း ရင်းမြစ်ထံက သိရသည်။

ရှေ့တောင်တိုင်းနယ်မြေအတွင်းဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မြို့နယ်များ၊ တပ်စခန်းများအပါအ၀င် လက်နက် ခဲယမ်းများပါ လက်လွှတ်ဆုံးရှုံးမှုများနေပြီး အရာရှိစစ်သည်များနှင့် တပ်သားအများအပြား သေဆုံးနေခြင်းကြောင့် ယခုကဲ့သို့ ယတြာပြုလုပ်နေခြင်းဖြစ် ကြောင်း သိရသည်။

“ရွှေဖရုံသီးအပေါ်မှာ ဖရုံသီးယတြာဆိုပြီးရေးထားတယ်။ မနက်တိုင်း ဘုရားစင်ရဲ့ အမြင့်တစ်နေရာမှာ ထားပြီး ကပ်ရမယ်ဆိုပြီး စာပါကပ်ပြီး ညွှန်ကြားထားတာ။ အဲဒီရွှေဖရုံသီးတွေ အထုပ်တွေနဲ့ရောက်လာတော့ လက်နက်တွေပဲထင်တာ။ စစ်ဖြစ်နေတဲ့ နေရာကို ရောက်လာတာ ဒါတွေလို့မထင်ဘူးပေါ့ဗျာ”ဟု ရတခစစ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ယတြာကို အထက်ကစေခိုင်းခဲ့ခြင်းဖြစ်ပြီး နယ်မြေများပြန်လည် ရယူနိုင်မည်ဖြစ်၍ မပျက်မကွက်လုပ်ဆောင်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီက ယခုကဲ့သို့ ရွှေဖရုံသီးယတြာ ပြုလုပ်ခြင်းသည် အောင်ဓာတ်ဆင်မည့် ယတြာပြုလုပ်ခြင်း ဖြစ်ကြောင်း ဗေဒင်ယတြာကျွမ်းကျင်သူ ပညာရှင် တစ်ဦးထံက သိရသည်။

“အဲဒီယတြာနည်းက ကြိုးစားသမျှ ရွှေထီးဆောင်းပြီး အောင်ဓာတ်ဆင်နိုင်စေဖို့အတွက် ရွှေဖရုံသီးယတြာဖြစ်ပါတယ်” ဟု ဗေဒင်ယတြာကျွမ်းကျင်သူပညာရှင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်မူ စစ်ကောင်စီတပ်သည် မကြာမီအချိန်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေတစ်ခုလုံးကို လက်လွှတ်ပေးရတော့မည့် အခြေအနေတွင်ရှိနေကြောင်း စစ်ဗိုလ်ချုပ်အရာရှိဟောင်းတစ်ဦးမှ သုံး သပ်ပြောသည်။

အဆိုပါ အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ)သည် မော်လမြိုင်မြို့အခြေစိုက်တိုင်း စစ်ဌာနချုပ်တစ်ခုဖြစ်ပြီး အဓိကတာ၀န်မှာ ကရင်ပြည်နယ်၊ မွန်ပြည် နယ်ဒေသ များ၊ ၎င်းနှင့်ထိစပ်နေသည့် နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင် ရေးဆိုင် ရာကိစ္စရပ်များ အဓိကတာ၀န်ယူဆောင်ရွက်ရသည်။

ထို့အပြင် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ ၀န်ထမ်းတပ်များ၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပိုင်းဆိုင်ရာလုပ်ငန်းများကိုပါ ဖြေရှင်းရခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များကို ထပ်ဆင့်ညွှန်ကြား ကြီးကြပ်ရကာ လက်ရှိ ရတခတိုင်းမှူးမှာ ဗိုလ်မှူးချုပ် စိုးမင်းဖြစ်သည်။

ပုံစာ- ရတခစစ်ဌာနချုပ်တွင် ပြုလုပ်ရမည့် ယတြာ ရွှေဖရုံသီးပုံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *